အစိုးရက ဒုတိယအကြိမ်ထောက်ပံ့ကြေးပေးတဲ့ငွေတွေပါ။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးကို နိုင်ငံတော်ငွေအလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ 

အဆိုပါအုပ်ချုပ်ရေးမှူးက COVID-19 ကာလအတွင်းနိုင်ငံတော်က အခြေခံလူတန်းစားတွေအတွက် တစ်အိမ်ထောင် (၂)သောင်းကျပ်နှုန်းနဲ့ ဒုတိယအကြိမ်ထောက်ပံ့တဲ့ ငွေကျပ်သိန်း (၅၀)ကျော်ကို အလွဲသုံးစားလုပ်ပြီး မိမိကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတော်က ထောက်ပံ့တဲ့ငွေတွေကို ကျေးရွာပြည်သူလူထုထံ ပြန်လည်မထောက်ပံ့ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ငွေတွေထုတ်ပြီးကတည်းက လူပါရွာကနေပျောက်သွားတာပါ။ လက်ရှိမှာတော့ အဆိုပါအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးအမှုဖွင့်ထားပြီလို့ သိရပါတယ်။



“ ကျွန်တော်တို့မြို့နယ်ရုံးကနေ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ထောက်ပံ့မယ့်ငွေတွေကို ၂၄ကနေ ၂၇ရက်နေ့ထိပေးခဲ့တယ်။ သူတို့ကနေတစ်ဆင့် စာရင်းကောက်ထားတဲ့တိုင်း ကျေးရွာသားတွေကိုပြန်ထောက်ပံ့ပေးရမှာပေါ့။ စုစုပေါင်းငွေက (၅၄၆၀၀၀၀) ငါးဆယ့်လေးသိန်းခြောက်သောင်း။ ၂၉ရက်နေ့မှာဒီထောက်ပံ့ငွေတွေ ပြည်သူတွေလက်ထဲရောက်မရောက် စစ်ဆေးတော့ ကံဘဲ့အုပ်စုကသူတွေက မရရှိသေးဘူးသိရတယ်။ စုံစမ်းကြည့်တော့ အဲဒီအုပ်ချုပ်ရေးမှူးက ရွာမှာလည်းမရှိဘူး။ အဲ့ဒါနဲ့ စခန်းမှာအမှုဖွင့်တိုင်ကြားပြီး စုံစမ်းတော့မှ မနေ့က ဖမ်းဆီးရမိတယ်”လို့ ရဲစခန်းမှာ ဒီအမှုကို တရားလိုအဖြစ်တိုင်းကြားခဲ့တဲ့ မြောင်းမြမြို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက Duwun ကိုပြောပါတယ်။

အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရမိပြီး စစ်ဆေးတဲ့အခါမှာ အစိုးရက ထောက်ပံ့တဲ့ ငွေသိန်း (၅၀)ကျော်ထဲက သူပေးစရာ ရှိတဲ့ အကြွေး သိန်း (၄၉)သိန်း ဆပ်လိုက်ကြောင်းနဲ့ (၅)သိန်းကျော်ကိုတော့ ဒီရက်ပိုင်းအတွင်း သုံးစွဲလိုက်မိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။

အစိုးရက COVIDကာလအတွင်းမှာ ပြည်သူတွေကို ထောက်ပံ့မှုတွေလုပ်နေတာဖြစ်ပြီး ပထမအကြိမ်က ရိက္ခာထောက်ပံ့ခဲ့သလို ဒုတိယအကြိမ်မှာတော့ ငွေကြေးထောက်ပံ့မှုလုပ်ပေးခဲ့တာပါ။ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်စု (၂၀၀၀၀)ကျပ်ကို အိမ်ထောင်စု ၅.၄သန်းကျော်အတွက် ထောက်ပံ့မှုဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က