ပထမ(၁၀)ရက်ပတ်အတွင်းမှာဖြစ်ပေါ်နိုင်ပါတယ်။

 နိုဝင်ဘာလအတွင်းမှာ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်မှာ ပိုမိုအားကောင်းနိုင်ကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။

နိုဝင်ဘာလ ပထမ(၁၀)ရက်အတွင်းမှာ  ကပ္ပလီပင်လယ်အော်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး အဆိုပါလေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ မုန်းတိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ အောက်တိုဘာလ(၂၈)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ နိုဝင်ဘာလရဲ့ (၇)ရက်၊ (၈)ရက်၊ (၉)ရက်ပတ်ဝန်းကျင်လောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်တယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်တဲ့ အနေအထားတွေ့ရတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပထမ(၁၀)ရက်ပတ်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတယ်။ မုန်တိုင်းလမ်းကြောင်းပေါ်မူတည်ပြီး မုန်တိုင်းက အိန္ဒိယဘက်ကို ဦးတည်မယ်ဆိုရင် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုနည်းမယ်။ ကပ္ပလီပင်လယ်ပြင်ကနေ ကမ်းရိုးတန်းဘက်ကို ဦးတည်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ မိုးကြီးနိုင်တဲ့ အနေအထားတွေရှိတယ်” လို့ မိုးလဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

လက်ရှိရာသီဥတုအခြေအနေဟာ အပူပိုင်းဇုန်အဖြစ် ရာသီဥတုအပြောင်းအလဲမြန်နေတာကြောင့် မုန်တိုင်းအခြေအနေဟာ ပြောင်းလဲမှုတွေရှိနိုင်တယ်လို့လည်း ဦးကျော်မိုးဦးကပြောပါတယ်။ မိုးရွာသွန်းမှုအခြေအနေကတော့ နိုဝင်ဘာလကုန်အထိမိုးကရွာနေအုံးမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ရာသီဥတုဟာ နေ့အပူချိန်ကော၊ ညအပူချိန်ကောမြင့်တက်နေတာကြောင့် အခုနှစ်ဆောင်းရာသီကတော့ တစ်နိုင်ငံလုံးအအေးပေါ့နိုင်တယ်လို့သိရပါတယ်။ တရုတ်ပြည်မကြီးက ထိုးဆင်းလာတဲ့ လေဖိအားနည်းရပ်ဝန်းအားကောင်းလာရင်တော့ ရံဖန်ရံခါအအေးပိုနိုင်ပေမယ့် တစ်နှစ်ပတ်လုံးခြုံပြောရမယ်ဆိုရင် အအေးပေါ့နိုင်တယ်လို့ သိရပါတယ်။ 



က္က