၀န်ကြီးများရုံးကို သုံးပတ်တာ အခမဲ့ လာရောက်လေ့လာနိုင်ပါတယ်။
Mi Thawdar Aung

ဒီတစ်ပတ် စက်တင်ဘာ ၁၄ ရက် ၊ ၁၅ ရက်တွေမှာတော့ ရန်ကုန်မြို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ကျော်၊ ၂၀ ရာစုခေတ်က လူတွေရဲ့ မြင်ကွင်းအတိုင်း ပြန်လည်ကြည့်ရှုနိုင်စေဖို့ ခေတ်ဟောင်းဓာတ်ပုံပြပွဲတစ်ခုကို ဝန်ကြီးများရုံးမှာ ကျင်းပနေပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်က မြန်မာအမျိုးသမီးများရဲ့ ဓာတ်ပုံ။

Delta Media က ဦးစီးပြီးတော့ ရှေးဟောင်းဓာတ်ပုံပေါင်း ၈၂ ပုံကို ခင်းကျင်းပြသထားပြီး  ၂၀ ရာစုခေတ်ကာလက ရန်ကုန်မြို့ သမိုင်းဝင် အဆောက်အဦးတွေဖြစ်တဲ့ ရွှေတိဂုံဘုရား၊ မဟာဗန္ဒုလပန်းခြံ၊ ဆူးလေအနီးတစ်ဝိုက်၊ ရန်ကုန်စာတိုက်ကြီး၊ ရန်ကုန်ဘူတာ၊ အစိုးရအဆောက်အအုံတွေကို အဲဒီခေတ်က အတိုင်း မြင်တွေ့ခံစားရမှာပါ။

“ဒီမှာတော့ ရှေးဟောင်းဓာတ်ပုံ ၈၂ ပုံလောက်ပြထားပါတယ်။ ကျွန်တော်စုဆောင်းထားတာတော့ ပုံပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ သိပ်တော့မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် လူတွေအများကြီးလာကြည့်တာကို တွေ့ရတော့ ပျော်မိပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို မြန်မာလူမျိုးတွေက ပိုပြီး စိတ်ဝင်စားတဲ့အတွက် အရမ်းပဲ စိတ်လှုပ်ရှားပါတယ်” လို့ Delta Media မှ Graphic Designer မှ Klaus Scholpp က ပြောပါတယ်။

၁၉၀၀ ခုနှစ်ဝန်းကျင်လောက်က မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပြီး အဲဒီခေတ်ကာလက လူနေမှုဘဝပုံစံ၊ ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

““ အဘဆို အသက် ၆၅ နှစ်ရှိပါပြီ။ အဘတို့ မမွေးခင်ကတည်းက ခေတ်ရဲ့ အခြေအနေကို ပြန်မြင်ရတယ်။ ရန်ကုန်မြို့ဟာ တစ်ချိန်တုန်းက ဘယ်လို အခြေအနေတွေရှိခဲ့တယ်ဆိုတာတွေ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ကိုယ်မမြင်ဖူးတာတွေ မြင်ရတော့ ဗဟုသုတလည်းရတာပေါ့” လို့ ဗိုလ်တထောင်မြို့နယ်ကနေ လာရောက်ကြည့်ရှုသူ ဦးကောင်းမြတ်ထွဋ်က ဆိုပါတယ်။

၂၀ ရာစုခေတ်ကာလက ရွှေတိဂုံစေတီမြင်ကွင်း။

ဒီဓာတ်ပုံပြပွဲဟာ ပျော်ရွင်ဖွယ်ရာ၊သုံုးပတ်တာ ဝန်ကြီးများရုံးမှာ ဆိုတဲ့အစီအစဉ်ကြောင့် ကျင်းပတာဖြစ်ပြီး စက်တင်ဘာလအတွင်း အပတ်စဉ် စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာ မည်သူမဆို အခမဲ့လာရောက်လည်ပတ်နိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

စက်တင်ဘာ ၂၂၊၂၃ ရက် တို့မှာ ပြည်တွင်းဖြစ် ထုတ်ကုန်တွေ၊ အလှကုန်နဲ့ အမျိုးသမီးအဝတ်အထည် အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရောင်းချပေးသွားမယ့် ဈေးရောင်းပွဲတော်ကို ကျင်းပသွားမယ်လို့သိရပါတယ်။

စက်တင်ဘာ ၂၈၊၂၉ ရက်တွေမှာတော့ ပျော်ရွှင်စရာအစီအစဉ်တွေ၊ အနုပညာဖျော်ဖြေမှုေတွေအပါအဝင် မိသားစုအလိုက် ပျော်ရွင်နိုင်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှုနိုင်မယ်လု့ိဆိုပါတယ်။

 

ဝန်ကြီးများရုံးကို နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ရာကနေ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး  အခုနောက်ပိုင်းတော့ သမိုင်းဝင်နေ့ထူးနေမြတ်တွေ၊ ပွဲတော်ရက်တွေမှာတော့ ပြည်သူတွေကို လာရောက်လေ့လာခွင့်ပေးနေပါတယ်။


က္က