တိုက်ပွဲဖြစ်ပွားနေမှုကြောင့်ရပ်ဆိုင်းထားတာပါ။

မူဆယ်- နောင်ချို-လားရှိုးဘက်တွေကိုပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေဖြစ်တဲ့ တောင်ပြာတန်း၊ ရွှေမန္တလာ၊ကျော်လွှား၊ မြတ်မန္တလာထွန်းနဲ့ GI Group ကားတွေအနေနဲ့ အဆိုပါ ခရီးစဉ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။

photo- ရွှေမန္တလာအဆင့်မြင့်ယာဉ်လိုင်း

ဒီကနေ့ သြဂုတ်လ(၁၅)ရက်နေ့ မနက်ပိုင်းကစပြီး နောင်ချိုနဲ့ နောင်ပိန်းကြားမှာ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရန်ကုန်ကနေပြေးဆွဲနေတဲ့ ရန်ကုန်-နောင်ချို၊ ရန်ကုန်-မူဆယ်ကားလိုင်းတွေကို ဒီကနေ့ သြဂုတ်လ(၁၅)ရက်နေ့ကစပြီးရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

“ ညီမတို့ဆီက မန္တလေး-မူဆယ်၊ ရန်ကုန်-မူဆယ်ပြေးဆွဲနေတဲ့ကားတွေရှိပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းအတောအတွင်းမှာ မသွားဘူးယာဉ်လိုင်းတွေကိုပိတ်ထားပါတယ်။ မူဆယ်ပိုင်းကိုသွားတဲ့ကားတွေအကုန်ပိတ်ထားတာ၊ ညီမတို့နဲ့ဆက်သွယ်ထားတဲ့ ကားလိုင်းတွေအကုန်ပေါ့။ ကားလိုင်းတွေက တောင်ပြာတန်း၊ ရွှေမန္တလာ၊ကျော်လွှား၊ မြတ်မန္တလာထွန်းနဲ့ GI Group ကားတွေ။ လမ်းကြောင်းပိတ်တဲ့ရက်ကိုတော့ သေသေချာချာပြောလို့မရသေးဘူး။ ပြင်ဦးလွင်အကျော် မူဆယ်ဘက်လမ်းကြောင်းတွေမှာ သွားလို့မရသေးဘူးပိတ်ထားတာမလို့” ဆိုပြီး Online ကားလက်မှတ်ရောင်းဝယ် ဝန်ဆောင်မှု လုပ်ကိုင်တဲ့ MM Bus Ticket မှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။


photo-ကျော်လွှားအဆင့်မြင့်ခရီးသည်ယာဉ်လိုင်း

ရန်ကုန်-မူဆယ်၊ ရန်ကုန်-လားရှိုး၊ နေပြည်တော်-လားရှိုး နဲ့ မန္တလေး-မူဆယ် ပြေးဆွဲပေးလျှက်ရှိတဲ့ ရွှေမန္တလာ ယာဉ်လိုင်းအနေနဲ့လည်း အဆိုပါခရီးစဉ်များကို ယာယီရပ်နားထားတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရွှေမန္တလာယာဉ်လိုင်းကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့

“ ဒီနေ့ကတော့ အဲဒီဘက်ခရီးစဉ်တွေကို ပိတ်ထားတယ်။ မနက်ဖြန်နဲ့နောက်ရက်တွေတော့ပြန်ဖွင့်ထားတယ်။ ဒါပေမယ့် ပြန်မပိတ်ဘူးလို့ ပြောလို့မရဘူး။ ဟိုဘက်အခြေအနေမကောင်းလို့ ဖုန်းဆက်တယ်ဆိုရင်တော့ အမတို့ဆက်ပိတ်ထားမှာ။ အခုကတော့ ဘယ်လိုမှ သွားလို့အဆင်မပြေဘူးပြောလို့ အမတို့ပိတ်ထားတာ” လို့ ရွှေမန္တလာယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့အတွက် ရွှေမန္တလာယာဉ်လိုင်းမှ မူဆယ်၊ လာရှိုးခရီးစဉ် ကားလက်မှတ်ဖြတ်ထားတဲ့ခရီးသည်တွေကိုတော့ နောက်နေ့မှာ ပြန်ထွက်မယ့် ယာဉ်လိုင်းတွေနဲ့အစားထိုးပြန်ထည့်ပေးမှာဖြစ်သလို တကယ်လို့ လက်မှတ်ဖိုးပိုက်ဆံပြန်လိုချင်တယ်ဆိုရင်လည်း နီးစပ်ရာ ရွှေမန္တလာကားဂိတ်တွေမှာပြန်ထုတ်လို့ရတယ်လို့ အဆိုပါတာဝန်ရှိသူမှပြောပါတယ်။

တိုက်ပွဲကြောင့် ဂုတ်တွင်းတံတားပါပျက်စီးခဲ့တဲ့အတွက် ယာဉ်လိုင်းတွေကတော့ သွားလို့ဘယ်လိုမှအဆင်မပြေဘူးလို့သိရပါတယ်။ ဂုတ်တွင်းတံတားပျက်စီးသွားတဲ့အတွက် ယာဉ်လိုင်းများလမ်းကြောင်းအခက်အခဲဖြစ်နေတာနဲ့ ပတ်သက်လို့ နောင်ချို-လားရှိုးဘက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူတစ်ယောက်က

" သီပေါနဲ့ လာရှိုးကြားမှာ နမ့်လန်လမ်းခွဲဆိုပြီး ရှိတယ်။ အဲဒီ နမ့်လန်လမ်းခွဲကနေ လွိုင်လင်ထိရောက်အောင်သွားလို့ရတယ်၊ လွိုင်လင်ကနေ တောင်ကြီးဘက်ကိုသွားပြီးတော့ ပြည်ထောင်စုလမ်းမကြီးတိုင်းပြန်ဆင်းလာလို့ ရတယ်" လို့ Duwun ကိုပြောပါတယ်။ ဂုတ်တွင်းတံတားပါပျက်စီးသွားတာကြောင့် ဘေလီတံတားအစားထိုးပေးရင် ကားငယ်တွေသွားလို့ရနိုင်ပေမယ့် ဝိတ်ပါတဲ့ကားကြီးတွေကတော့ အဆိုပါပြောတဲ့လမ်းအတိုင်းသွားမှာသာအဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် နောင်ချိုနဲ့ မူဆယ်ဘက်လမ်းကြောင်းတွေကို ပိတ်ထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က