အမြန်လမ်း (၈၆)မိုင်မှာ ဖမ်းမိခဲ့တာပါ။
Ei Ei Htun

နိုဝင်ဘာလ(၂၆)ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်တဲ့နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံကို ဒီကနေ့ နိူဝင်ဘာလ(၃၀)ရက်နေ့ နေ့လယ်ပိုင်းက အမြန်လမ်းမှာပဲ ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

တရားခံနဲ့ သေဆုံးခဲ့သူဟာ အမြန်လမ်း ၁၀၁မိုင်မှာရှိတဲ့ သာယာကုန်းရွာမှာ တစ်ရွာတည်းနေသူတွေဖြစ်ပြီး အချင်းချင်းစကားများရာကနေ အခုလိုလူသတ်မှုဖြစ်ပွားခဲ့တာပါ။

photo - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

“ ဒီနေ့ပဲ တရားခံကို အမြန်လမ်း(၈၆)မိုင်မှာဖမ်းမိတယ်။ ကျွန်တော်တို့ နီးစပ်ရာနယ်နမိတ်က ရဲတွေအချင်းချင်းချိတ်ဆက်ပြီး ဖမ်းမိခဲ့တာပါ။ သေဆုံးခဲ့တဲ့ သူက အခုကျူးလွန်တဲ့ တရားခံဆီကို ငွေတစ်သောင်းနဲ့ ဖုန်းပေါင်ထားတာ။ အဲဒီငွေတစ်သောင်းအပြင် တစ်ရက်ကိုအတိုးက ၁၀၀၀နဲ့ပေါင်တယ်လို့ပြောတယ်။ ဖုန်းပြန်ရွေးတော့ အရင်းအတိုးအားလုံး (၅၂,၀၀၀)ကျတာကို အသတ်ခံရတဲ့သူက ၂၀၀၀ လျှော့ခိုင်းတာ။ ကျူးလွန်တဲ့တရားခံက သူကတစ်ဖက်ကိုပြန်ပေါင်ထားတော့ ပြောပေးမယ်ဘာညာဆိုပြီး တစ်ယောက်နဲ့တစ်ယောက်စကားများကြတာ။ အရက်ကလည်းသောက်ထားကြတယ်ပြောတယ်။ အဲဒီလိုစကားများရင် ကျူးလွန်တဲ့သူ ဝေယံက သေဆုံးသွားတဲ့သူကို လက်သီးနဲ့ထိုးလိုက်တာ နောက်ပလက်လန်ကြပြီး လမ်းမနဲ့ခေါင်းနဲ့ရိုက်မိပြီးသေသွားတာ” လို့ အမြန်လမ်းမြို့ချောင်းရဲစခန်းမှူးက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ လူသတ်မှုကျူးလွန်တဲ့ တရားခံ ကိုဝေယံကို မြို့ချောင်းရဲစခန်းမှာထိန်းသိမ်းထားပြီး အမှုဖွင့်ထားတယ်လို့သိရပါတယ်။ သေဆုံးတဲ့ သူရဲ့ ဆေးစာတွေရရှိလာတဲ့အခါကျမှာ ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရမယ့် ကိစ္စတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ စခန်းမှူးကပြောပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်ဟာ နိုဝင်ဘာလ(၂၆)ရက်နေ့ ည(၈)နာရီဝန်းကျင်လောက်ကဖြစ်ပွားခဲ့တာပါ။ တရားခံကိုဝေယံက အသက် (၃၂)နှစ်အရွယ်ဖြစ်ပြီး အသတ်ခံရတဲ့ ကိုနေလင်းက အသက်(၄၃)နှစ်အရွယ်ပဲဖြစ်ပါတယ်။


က္က