မေလကုန်ထိအထူးဂရုပြုဖို့လိုပါတယ်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေနဲ့ အလယ်ပိုင်းဒေသတွေမှာ တိမ်တိုက်အနည်းငယ်ဖြစ်ပေါ်လျှက်ရှိတာကြောင့် နောက်(၃)ရက် မေလကုန်လောက်ထိကတော့ မြန်မာနိုင်ငံအနှံ့ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။ 

မိုးတိမ်တောင်တွေဖြစ်ပေါ်နေတဲ့ကာလမှာ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာတော့ မိုးနဲ့ အတူ လေပြင်းတိုက်ခတ်တာတွေ၊ လျှပ်စီးလက်မိုးကြိုးပစ်တဲ့ ဒဏ်တွေကိုတော့ အထူးဂရုပြုဖို့လိုတယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

“ အခုလို မိုးတိမ်တောင်ဖြစ်ပွားနေစဉ်မှာ ဖြစ်တဲ့နေရာတိုင်းမှာ လေပြင်းတိုက်တာမျိုးမဟုတ်ဘဲ အဓိက မြစ်ဝကျွန်းပေါ်ဒေသတွေမှာတော့ အထူးသတိပြုဖို့လိုတာပေါ့။ မြစ်ဝကျွန်းပေါ်ဒေသတွေအနေနဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့တိုင်းဒေသကြီးတွေမှာတော့ လေပြင်းတိုက်ခတ်မှုနဲ့ မိုးကြိုးပစ်တဲ့ ဒဏ်တွေကို အထူးဂရုပြုဖို့လိုပါတယ်။ မိုးကတော့ အခုမေလကုန်လောက် တိုင်းနဲ့ပြည်နယ်အလိုက် မိုးထစ်ချုန်းရွာနိုင်ပါသေးတယ်” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။ 

ဒီရက်ပိုင်းမှာ ဒေသအလိုက် မိုးရွာသွန်းလျှက်ရှိတာက မုန်းတိုင်းအခြေအနေကြောင့် မဟုတ်ဘဲ မိုးတိမ်တောင်ဖြစ်စဉ်တွေကြောင့် မိုးကြီးခြင်းတွေ၊ လေပြင်းတိုက်တာတွေနဲ့ လျှပ်စီးလပ် မိုးကြီးပစ်တာတွေဖြစ်ပေါ်နေတာပါလို့ ဦးကျော်မိုးဦးကပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ညနေထုတ်ပြန်ချက်အရ နောက်(၂)ရက်ခန့်မှန်းချက်အထိ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာ မနက်ဖြန် မနက်ပိုင်းအထိ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သလို မန္တလေးနဲ့ အနီးတစ်ဝိုက်မှာလည်း နေရာကွက်ကျားမိုးကြီးနိုင်တယ်လို့ သိရပါတယ်။

နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာတော့ မိုးတစ်ကြိမ်ကနေ နှစ်ကြိမ်အထိ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 




က္က