ဩဂုတ်လ (၁၅)ရက်နေ့ကစပြီး ဖွင့်လှစ်ခွင့်ပေးခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘာသာရေးဘုရားကျောင်းတွေကို ဩဂုတ်လ (၁၅)ရက်နေ့ကစပြီး ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဘုန်းကြီးကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ အပါအဝင် ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေ အားလုံးကို ဖွင့်လှစ်ခွင့်ပေးခဲ့တာပါ။ အခုလိုခွင့်ပြုလိုက်တာဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



“ဟုတ်ပါတယ်။ အကုန်လုံးကို ဖွင့်ခွင့်ပေးလိုက်တာပါ။ ဗလီလည်းပါတယ်၊ ဘုန်းကြီးကျောင်းတွေရော အားလုံးပါပါတယ်။ ဒါပေမယ့် ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကိုတော့ လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်” ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမိုးဟိန်းက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ ဘာသာရေးကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးထားပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတွေကိုတော့ ဆက်လက် ပိတ်ထားဆဲဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ဩဂုတ်လကုန်အထိ တိုးမြှင့်သတ်မှတ်ထားတာကြောင့် ရန်ကုန်မှ ဘုရားစေတီတွေကိုတော့ အဲဒီကာလအထိဆက်လက်ပိတ်ထားမယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာလည်း တစ်လကြာပြည်တွင်းကူးစက်မှု မရှိရာကနေ ဩဂုတ်လ (၁၆)ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ လူနာက ပြည်တွင်းကူးစက်လူနာဖြစ်တဲ့အတွက် ကိုဗစ်ဒုတိယလှိုင်းကို စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း အချိန်နဲ့အမျှ ပြည်သူတွေကိုဗစ်နဲ့ ပတ်သက်ပြီး မပေါ့ဆကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်လျက်ရှိနေပါတယ်။ ဩဂုတ်လ(၁၇)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၃၇၅) ဦးရှိကာ ပြန်ကောင်းမွန်သူ (၃၂၉) ဦးနဲ့ သေဆုံးသူ (၆) ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က