အသက် ၁ နှစ်ခွဲကျော် ကလေးနှစ်ဦးကို ခွဲစိတ်မှာပါ။
Mi Thawdar Aung

ရန်ကုန် (ဟယ်ပင်) ကလေးဆေးရုံကြီးမှာ အသက် ၁ နှစ်ခွဲကျော် အသည်းကင်ဆာ ဝေဒနာရှင် မောင်ဘုန်းမြင့်မြတ်နဲ့ မွေးရာပါ သည်းခြေပြွန်မရှိတဲ့ ဝေဒနာရှင် မောင်မြတ်ဘုန်းထက်တို့ နှစ်ဦးကို စက်တင်ဘာလကုန်မှာ အသည်းအစားထိုးခွဲစိတ်ကုသတော့မယ်လို့ သိရပါတယ်။

အသည်းအစားထိုး ကုသရန် အလှူငွေပေးအပ်ပွဲကို စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့စဉ်။

ဂျပန်နိုင်ငံ Kyushu University နဲ့ ရန်ကုန်ကလေးဆေးရုံကြီးတို့ပူးပေါင်းခွဲစိတ်မှာ ဖြစ်ပြီး ယခုခွဲစိတ်မှုဟာ ကလေးဆေးရုံကြီးအနေနဲ့ ဒုတိယအကြိမ် ခွဲစိတ်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက အသက် ၅ နှစ်အရွယ် မောင်ညီညီမင်းဦးဆိုတဲ့ ကလေးကို ပထမဆုံးအကြိမ် ခွဲစိတ်ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

“ ပုံမှန်က တစ်ယောက်ပဲ ခွဲတာပါ။ အခုကလေးနှစ်ယောက်လုံးက အသည်းအစားထိုးခွဲစိတ်ဖို့ Criteria တွေနဲ့ ကိုက်ညီလို့ ခွဲတာပါ။ ကျွန်မတို့ခွဲစိတ်ပြီးဆိုရင် ဆရာဝန်အင်အား၊ဆရာမအင်အား အယောက် ၅၀ ကျော်နဲ့ ခွဲစိတ်ရတာပါ။အကြီးစားခွဲစိတ်မှုဆိုတော့ မနက် ၈ နာရီကလေ ည ၉ နာရီလောက်အထိ ခွဲစိတ်ခန်းဝင်ရပါတယ်။” လို့ ရန်ကုန်ကလေးဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဒေါက်တာ ဒေါ်စုစုဒွေးက ပြောပါတယ်။

ခွဲစိတ်မည့်ကလေးနှစ်ဦးအတွက် အသည်း လှူနိုင်အောင် ကလေးနှစ်ဦးရဲ့ မိဘတွေကို စစ်ဆေးခဲ့ရာ မိခင်နှစ်ဦးက အသည်းလှူဖို့ ကိုက်ညီခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်မကလေးက အသည်းမှာ ကျူမာလေးတွေ သုံးလေးလုံးလောက် ဖြစ်နေတော့ လှီးထုတ်လို့မရဘူး။ အဲဒါနဲ့ အစားထိုးခွဲစိတ်ဖို့ ဖြစ်လာတာပေါ့။ အစားထိုးဖို့ အဖေအမေကိုစစ်တော့ ကျွန်မနဲ့က သွေးအမျိုးအစားတူတယ်။ လှူဖို့ ပိုသင့်တော်တယ်ဆိုတော့ လှူဖို့ ဖြစ်လာတာပါ။ ခွဲစိတ်မှု အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ မောင်ဘုန်းမြင့်မြတ်ရဲ့ မိခင် ဒေါ်ပပဝတ်ရည်ကျော်က ဆိုပါတယ်။

အသည်းအစားထိုး ကုသရန် အလှူငွေပေးအပ်ပွဲကို စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့စဉ်။

ရန်ကုန်ကလေးဆေးရုံကြီးအနေနဲ့ ဂျပန်နိုင်ငံနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံက အသက် ၄ နှစ်အရွယ် ပထမဆုံးအသည်းအစားထိုးခွဲစိတ်မှုကို ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ခွဲစိတ်ကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီးမှာ မတ်လအတွင်း အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်ကလေးဆေးရုံကြီးမှာ မွေးရာပါ သည်းခြေပြွန်မပါရှိတဲ့ ကလေးဦးရေ တစ်နှစ်ကို အယောက် ၃၀ ခန့် ရှိနေပြီး ခွဲစိတ်ဖို့ သတ်မှတ်ချက်ရှိတဲ့ ကလေးငယ်တွေကို စိစစ်ပြီး ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်ကလေးဆေးရုံကြီးကနေ သိရပါတယ်။




က္က