ရန်ကုန်က ‌ရောဂါပိုးကူးစက်ခံရမှု အများဆုံး မြို့ ဖြစ်နေတာပါ။
Kyaw Ko Ko Sint

ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါပိုးရှိသူ ၅၉ဦးထိရှိလာခဲ့ပြီး မြန်မာနိုင်ငံမှာ ကူးစက်မှု အများဆုံး ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့လျက်ရှိရာမှာ ရန်ကုန်တိုင်းဒေသကြီးက ရောဂါပိုးရှိလူနာ အများ ဆုံး ဖြစ်နေပါတယ်။

ဒီအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးကနေနေပြည်တော်ဖက် လာတဲ့ သူတွေကို Quarantine ဝင်ရမယ်လို့ မနေ့က လူမှုကွန်ရက်မှာ သတင်း ပျံ့နှံ့ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ရန်ကုန်မြို့ကလာတဲ့သူတွေကို အခြားသော နယ်ဖက်ဒေသက လူတွေက အဝင်မခံတော့ဘူးဆိုတဲ့ သတင်းတွေကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အပေါ် ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာလည်း ဒု-မြို့တော်ဝန် ဦးရဲမင်းဦးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ - “ ရန်ကုန်ဟာ လူဦးရေအများဆုံး မြို့ကြီးတစ်မြို့ ဖြစ်သလို ရောဂါကူးစက်ခံရမှုမှာလည်း အများဆုံး ခံစားနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျွန်တော်တို့ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးက မေတ္တာဖြင့်သာ ရန်ကုန် အတွက် ရပ်တည်ဆုတောင်း ပေးကြပါမယ်။ ကျွန်တော်တို့ဟာ ပြည်ထောင်စုသားတွေ ဖြစ်ပါတယ်။ ဘယ်အခြေ အနေမှာပဲဖြစ်ဖြစ် ဘယ်မြို့ ဘယ်ဒေသကိုမှ ခွဲခြားဆက်ဆံကြမယ် မဟုတ်ပါ။”လို့ ရေးသားဖော်ပြလာပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကနေနေပြည်တော်ဖက် လာတဲ့ သူတွေကို Quarantine ဝင်ရမယ်လို့ လူမှုကွန်ရက်မှာ သတင်း ပျံ့နှံ့ထွက်ပေါ်ခဲ့တဲ့အပေါ် မနေ့(ဧပြီ၁၄)က နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးကို Duwunက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ညွှန်ကြားမရှိသေးဘူးလို့ ပြန်လည်ဖြေကြားပေးခဲ့တယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဒီကနေ့ ဧပြီလ ၁၅ရက်နေ့ မနက် ၁၀နာရီခွဲလောက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးရှိသူ ၅၉ဦးထိရှိလာခဲ့ပြီ ဖြစ်ပြီး တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ဆိုရင်တော့ စုစုပေါင်း ၇၄ဦး ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က