အင်အား (၄.၂) အဆင့်ရှိပါတယ်။
Mi Thawdar Aung

နိုဝင်ဘာ ၁၂ ရက် ည ပိုင်းက ရန်ကုန်မှာ ငလျင်လှုပ်ပြီးနောက် ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ် နမ့်စန်မြို့နားမှာ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားတယ်လို့ မြေငလျင်ဌာနခွဲက သတင်းထုတ်ပြန်ပါတယ်။

(ငလျင်လှုပ်ပြီးနောက် ယုဇနပလာဇာရှေ့မှာ တွေ့ရသည့်ပြည်သူများ)

နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်အချိန်မှာ တောင်ကြီး မြေငလျင်စခန်းကနေ အရှေ့- အရှေ့မြောက်ဘက် (၄၉) မိုင်ခန့်အကွာ ဗဟိုပြုပြီး ရစ်ချ်တာစကေး (၄.၂) အဆင့်ရှိမြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာပါ။

“ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့ မရတဲ့သဘာဝဘေးဖြစ်တယ်။ အချိန်မရွေး ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် ငလျင်လှုပ်ရှားမှု မကြာခဏ ဖြစ်ပေါ်တဲ့နေရာတွေမှာ နေထိုင်သူတွေ၊ မြန်မာနိုင်ငံရဲ့ ငလျင်ပြတ်ရွေ့ကြော အနီးတစ်ဝိုက်နေထိုင်တဲ့သူတွေအနေနဲ့ အမြဲတမ်းသတိရှိဖို့ လိုအပ်တယ်။ “ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက Duwun ကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ ငလျင်မလှုပ်ခင်၊ ငလျင်လှုပ်နေတဲ့ အချိန်၊ ငလျင် လှုပ်ပြီးနောက်ပိုင်း ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတဲ့ အစီအမံတွေကို လေ့လာထားသင့်ပြီး ဌာနအနေနဲ့ ပြည်သူတွေလက်လှမ်းမီအောင် ငလျင်နဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ေ၀ ထားပြီးသားဖြစ်တယ်လို့လည်း သိရပါတယ်။

“မြန်မာနိုင်ငံရဲ့ အနောက်နဲ့ အနောက်မြောက်ဘက်ပိုင်းနေထိုင်သူတွေ ပိုသတိထားရမယ်။ မြန်မာနိုင်ငံမှာသမိုင်းဝင် ငလျင်လှုပ်ခတ်ခဲ့တာမျိုးရှိတယ်။ မေ့လောက်ပြီဆိုရင် ပြန်ပြီး ဖြစ်လာတာမျိုးရှိပါတယ်။ “ လို့ ဒေါက်တာယဉ်မျိုးမင်းထွေးက ဆိုပါတယ်။

နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၅၄ မိနစ်အချိန်လောက်က တိုက်ကြီးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ငလျင် ကြောင့် ရန်ကုန်မြို့နေ ပြည်သူအများအပြား စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ တာမွေမြို့နယ်က တိုက်တွေ စောင်းသွားတယ်ဆိုပြီး ပြောဆိုကြတဲ့ ကောလဟလသတင်းတွေကြောင့်လည်း အဲဒီနားတစ်ဝိုက်က ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။




က္က