သင်္ကန်းကျွန်း မြို့နယ်မှာ Music Zone စားသောက်ဆိုင်က ပိုးတွေ့အများဆုံးဖြစ်ခဲ့တာကို ရည်ညွှန်းတာပါ။

ရန်ကုန်မှာ ကာရာအိုကေဆိုင်တွေကနေ ပိုးကူးစက်မှုတွေရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့က ချမှတ်ထားတဲ့စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်လိုက်နာဖို့လိုနေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။ 

ရန်ကုန်က ကိုဗစ်ဒုတိယလှိုင်းကို သိသိသာသာခံစားနေရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပိုးတွေ့လူနာ အများဆုံးနေရာလည်းဖြစ်နေပါတယ်။သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုသာ ရန်ကုန်သူ၊ရန်ကုန်သားတွေအနေနဲ့ စနစ်တကျလိုက်နာဆောင်ရွက်ကြမယ်ဆိုရင် အခုလိုရောဂါကူးစက်မှု ပျံ့နှံ့နေတာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း အတိုင်ပင်ခံကပြောပါတယ်။



“ သင်္ကန်းကျွန်းမြို့နယ်မှာဆို ကိုဗစ်ကူးစက်ခံသူဦးရေများနေပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက ကာရာအိုကေနဲ့ဆိုင်တယ်လို့ ကျွန်မထင်တယ်။ သင်္ကန်းကျွန်းမြို့နယ်က ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေဆိုရာကနေပြန့်ပွါးတဲ့ကိစ္စပါ။ ဒီလိုနေရာတွေမှာက လူစုလူဝေးရှိသလို တစ်ယာက်နဲ့တစ်ယောက် ၆ပေအကွာနေတယ်ဆိုတာလည်းမရှိဘူး။ သီချင်းဆိုတဲ့အခါမှာလည်း ဒါက ပြန့်အောင်လုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းပါ။ ဒါကြောင့်မလို့ ကျွန်မတို့ ဒါတွေကိုပိတ်တယ်။ ကျွန်မတို့အခုဆို ကြပ်ကြပ်မတ်မတ် စည်းကမ်းတွေသတ်မှတ်သလို ပြည်သူတွေကလည်း လိုက်နာဖို့ လိုတယ်”လို့ အတိုင်ပင်ခံက ဒီနေ့ညပိုင်းမှာ ပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးမိန့်ခွန်းမှာ ပြောခဲ့တာပါ။ 

သင်္ဃန်းကျွန်းမြို့နယ်က လက်ရှိအချိန်မှာ ကိုဗစ်လူနာ ၁၇၀ကျော်ရှိနေပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုအများဆုံးမြို့နယ်ဖြစ်နေသလို Music Zone စားသောက်ဆိုင်တစ်ခုတည်းက ကူးစက်ခံရသူဦးရေ ၇၄ ဦးအထိ ရှိနေပါတယ်။ 

ကိုဗစ် ဒုတိယလှိုင်းကို ရခိုင်ပြည်နယ်က စတင်ခံစားခဲ့ရပေမယ့် လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်က ထိန်းချုပ်နိုင်တဲ့အနေအထားတစ်ခုဖြစ်နေပါပြီး ဒါကလည်း တာဝန်ရှိသူတွေအနေနဲ့ စည်းကမ်းတွေ တင်းတင်းကျပ်ကျပ်လုပ်ခဲ့ပြီး ဒေသခံတွေအနေနဲ့ကလည်း လိုက်နာမှုရှိခဲ့လို့ အခုလိုအနေအထားရောက်ရှိလာတာလို့ အတိုင်ပင်ခံက ပြောပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီကနေ့ည ထုတ်ပြန်ချက်မှာပါရှိတဲ့ ပိုးတွေ့လူနာ (၁၄၂)ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ (၂၁၅၀)ဦးမှာ ရန်ကုန်က (၁၀၅၃)ဦးပါဝင်ပါတယ်။ ဒီကနေ့ည ထုတ်ပြန်တဲ့ ပိုးတွေလူနာ (၁၄၂)ဦးရဲ့ နေရပ်ဒေသတွေကတော့ မသိရှိရသေးပါဘူး။

Share

Loading Next Article...
က္က