ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်လာတဲ့အတွက် တရားမဝင်ခိုးဖွင့်နေတဲ့  KTV ၊ အနှိပ်ခန်းနဲ့ နိုက်ကလပ်တွေကို စတင် အရေးယူနေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းက အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိတဲ့ KTV ဆိုင်၂ ဆိုင်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ပိုင်ရှင်၂ ဦးနဲ့ မန်နေဂျာ၂ ဦးကို သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၃၀(က) ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ “COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်လုပ်ငန်းကော်မတီရဲ့အမိန့်နဲ့ ညွှန်ကြားချက်လိုက်နာဖို့ KTV ဆိုင်ပဲဖြစ်ဖြစ် နိုက်ကလပ်၊ အနှိပ်ခန်း အားလုံးကို မဖွင့်ဖို့ မှာကြားထားတယ်။ ဒါကိုမှ ဖွင့်တယ်ဆိုရင်သတင်းရတာ၊ စုံစမ်းသိရှိရတယ်ဆိုတာနဲ့ အရေးယူသွားမှာဖြစ်တယ်။ နောက်ပြီး ညမထွက်ရ အမိန့်ညွှန်ကြားချက်ကိုလည်း ပြည်သူတွေ လိုက်နာဖို့ လိုအပ်တယ်။ စည်းကမ်းဥပဒေဖောက်ဖျက်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက်ကိုအရေးယူမှာ ဖြစ်တယ်” လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

Photo: Yangon Police

အရေးယူထားတဲ့ KTV ဆိုင်တွေကတော့ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(၂၄)ရှိ LAX KTV ဆိုင်နဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ပြည် ထောင်စုလမ်း၊ အမှတ်(၁၁၁/၁၁၂)ရှိ Privacy KTV ဆိုင်တို့ဖြစ်ပါတယ်။ ဒါ့အပြင် ည ၁၂ နာရီမှ နံနက် ၄ နာရီထိအပြင်မထွက်ရ ညွှန်ကြားချက်ကို ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးနဲ့ ကား ၁၁၁ စီး၊ ဆိုင်ကယ် ၁၈ စီးကို သိမ်းဆည်းပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေးယူ ထားရှိတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ဒေသန္တရအမိန့်ကို တိုင်းအတွင်းက မြိုနယ်အလိုက်က တာဝန်ရှိသူတွေဟာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က