ဧပြီလ(၂၂)ရက်မှာ ပထမအသုတ်(၂)ဦးနဲ့ ဒုတိယအသုတ်မှာ (၄)ဦးတိုးခဲ့တာပါ။
Ei Ei Htun

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် (၇) နာရီထုတ်ပြန်ချက်အရ ဧပြီလ(၂၂) နေ့က ညပိုင်းက ဒုတိယအသုတ်အနေနဲ့ ကျန်ရှိတဲ့ ဓာတ်ခွဲနမူနာ (၇၂ ) ဦးစစ်ရေးရာမှာ ( ၄) ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန် ( ၆၈ )ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ 

တွေ့ရှိခဲ့တဲ့ လူနာတွေက (၄)ဦးလုံးက ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်ကတစ်ဦး၊ ဗိုလ်တစ်ထောင်မြို့နယ်က တစ်ဦး၊ တာမွေမြို့နယ်ကတစ်ဦးနဲ့ အင်းစိန်မြို့နယ်ကတစ်ဦးဖြစ်ပါတယ်။ လူနာလေးဦးလုံးက ခရီးသွားရာဇဝင်မရှိဘဲ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားပြီး သတ်မှတ်နေရာအသီးသီးမှ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပါတယ်။ 

ဧပြီလ (၂၂)ရက်နေ့အတွက်ပထမအသုတ်အနေနဲ့ မနေ့ကည(၈)နာရီထုတ်ပြန်ချက်မှာ ဓာတ်ခွဲနမူနာ (၁၈၀)အနက် ပိုးတွေ့လူနာ (၂)ဦးရှိခဲ့ပြီး နှစ်ဦးလုံးက ရန်ကုန်ကဖြစ်ကြောင်းကိုလည်း ကနဦးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ မနေ့ကညက တွေ့ရှိခဲ့တဲ့ လူနာ(၂)ဦးလုံးကလည်း အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားတာကြောင့် အသွားအလာကန့်သတ်စောင့်ကြည့် ခံနေရသူလည်းဖြစ်ပါတယ်။  

ဧပြီလ(၂၂)ရက်နေ့မှာ ပထမအသုတ်နဲ့ ဒုတိယအသုတ် စစ်ဆေးထုတ်ပြန်ချက်တွေအရ အတည်ပြုလူနာ စုစုပေါင်း ( ၆ )ဦး ထပ်တိုးခဲ့တာပါ။ထပ်တိုးလူနာ (၆)ဦးလုံးက ရန်ကုန်က ဖြစ်တာကြောင့် လက်ရှိရန်ကုန်မှာ အတည်ပြုလူနာ (၉၉)ဦးထိရှိနေပါပြီ။ 

ဒီကနေ့မနက် ( ၇)နာရီထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ( ၁၂၇ )ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ (၅)ဦးနဲ့ ပြန်လည်ကောင်းကာဆေးရုံကဆင်းခွင့်ရသူ (၉)ဦးထိနေပါပြီ။

အတည်ပြုလူနာ ( ၁၂၇)ဦးအနက် ရန်ကုန်တိုင်းဒေသကြီးက ( ၉၉ )ဦး၊ စစ်ကိုင်းက (၆)ဦး၊ ပဲခူးက (၆)ဦး၊ ရှမ်းပြည်နယ်က (၆)ဦး၊ချင်းပြည်နယ် (၅)ဦး၊မန္တလေး (၂)ဦး၊ မွန်(၁)ဦးနဲ့ မကွေး(၁)ဦးနဲ့ နေပြည်တော် (၁)ဦးတို့ပဲဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က