အင်အား(၄.၅)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။
Ei Ei Htun

ဒီကနေ့နိုဝင်ဘာလ(၂၇)ရက်နေ့ ညနေ (၄)နာရီ၊ (၃၇)မိနစ်အချိန်ခန့်က ရန်ကုန်မြို့ကမ္ဘာအေး မြေငလျင်စခန်း အနောက်တောင်ဘက်ကို ဗဟိုပြုပြီး ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။ မိုးဇလ ထုတ်ပြန်ချက်အရ ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၁၇)မိုင်ခန့်ကွာဝေးသော၊ မြန်မာ့ပင်လယ်ပြင် (ကိုကိုးကျွန်းရဲ့ မြောက်-အရှေ့မြောက်ဘက် မိုင်(၅၀)ခန့်အကွာ) ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ အင်အားက (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ငလျင်လှုပ်ခတ်ခဲ့တာပါ။ အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်က ပင်လယ်ပြင်ကို ဗဟိုပြုပြီ လှုပ်ခတ်ခဲ့တာဖြစ်လို့ ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူလူထု အနေနဲ့ ငလျင်ဒဏ်ကို သိပ်ပြီးသတိပြုမိမယ်မထင်ဘူး” လို့ မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက Duwun ကိုပြောပါတယ်။

မနေ့က နိုဝင်ဘာလ(၂၆)ရက်နေ့ကလည်း နေပြည်တော်မှာ တစ်နာရီအတွင်း မြေငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ရာ ပထမအကြိမ်က အင်အား(၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ငလျင်လှုပ်ခတ်ခဲ့ပြီး ၊ ဒုတိယအကြိမ်လှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ အင်အား(၅.၇)အဆင့်ရှိ အင်အားအသင့်အတင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မှာ လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၂)ရက်နေ့ညပိုင်းက အင်အား (၄.၁)အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူတွေလည်းထိတ်လန့်မှုရှိခဲ့ရပါတယ်။


က္က