အကြီးဆုံးအမှိုက်ပုံဖြစ်တဲ့ ထိန်ပင်နဲ့ ထားဝယ်ချောင်တို့မှာ မြေနေရာ သိပ်မကျန်တော့
Mi Thawdar Aung

ရန်ကုန်မြို့မှာ နေ့စဉ် စွန့်ပစ်တဲ့ အမှိုက်တန်ချိန်က ထောင်နဲ့ချီ များပြားနေပြီး ထိန်ပင်နဲ့ ထားဝယ်ချောင်တို့မှာလည်း  အမှိုက်စုပုံဖို့ မြေနေရာ သိပ်မကျန်တော့ဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

Photo- Myanmar Fire Services Dept (၂၀၁၈ ခုနှစ်က ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းခဲ့)

နေ့စဉ် ထွက်ရှိတဲ့ အမှိုက်တန်ချိန် ၂၅၀၀ ကျော်ကို ရန်ကုန်မြို့ပြင်ဧရိယာတွေဖြစ်တဲ့ ထိန်ပင်မှာ တန်ချိန် ၁၅၀၀၊ ထားဝယ်ချောင်မှာ တန်ချိန် ၁၀၀၀ ကျော်၊ ဒလမှာ တန်ချိန် ၂၅ တန်ကနေ တန် ၄၀ ခန့်၊ ဆိပ်ကြီးခနောင်တို မှာ ၇ တန် ခန့် စွန့်ပစ်နေရတယ်လို့ ဆိုပါတယ်။

အများဆုံးစွန့်ပစ်နေရတဲ့ ထိန်ပင်နဲ့ထားဝယ်ချောင်တို့မှာ နောက်ထပ်စွန့်ပစ်ဖို့ နေရာသိပ်မကျန်တော့တာကြောင့်  အဲဒီ ဧရိယာ (၂) ခုမှာ အမှိုက်ကနေ စွမ်းအင်ထွက်ရှိဖို့စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ပါမောက္ခ ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။

“ အမှိုက်စုံပုံဖို့ မြေတော့မရှိတော့ဘူး။ မြေထပ်လိုမယ်။ ဒါပေမယ့် Waste to Energy ပေါ့။ အမှိုက်မီးရှို့စက်နဲ့ လျှပ်စစ်ထုတ်လုပ်လု့ိရတယ်။ နောက်တစ်ခုက Waste to Biogas ပေါ့။ မီသိန်းဓာတ်ငွေထုတ်ပြီး Public Transpotation အသုံးပြုလို့ရမယ်ပေါ့။  နောက်လာမယ့် အမှိုက်တွေကို နည်းပညာသုံးပြီးတော့မှ Bio Gas ပိုလန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ” လို့  ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။

ထိန်ပင် အမှိုက်ပုံနေရာမှာ ပိုလန်နိုင်ငံနဲ့ပူးပေါင်းကာ အမှိုက်ကနေ မီသိန်းဓာတ်ငွေ့ထုတ်လုပ်ဖို့ စီမံကိန်းကို ၂၀၂၀ ၇ လပိုင်းမှာ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် CNG ဓာတ်ငွေ့၊ အရက်ချက်စက်ရုံ၊ဘီယာချက်စက်ရုံနဲ့ အချိုရည်စက်ရုံတွေအတွက် ဂတ်စ်တွေ၊ လောင်စာတွေနဲ့ မြေဆွေးဖြစ်တွေအဖြစ် အသုံးချနိုင်မှာဖြစ်ပါတယ်။

လက်ရှိ အမှိုက်စွန့်ပစ်မှု အများဆုံးဖြစ်တဲ့ ထိန်ပင်မှာ မြေဧက ၃၀၊ ထားဝယ်ချောင်မှာတော့ ၄၅ ဧကသာကျန်ရှိနေပြီး အမှိုက်ကနေ စွမ်းအင်ထွက်ရှိဖို့ စီမံကိန်းကို အမြန်ဆုံးလုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့လည်း ဒေါက်တာအောင်မြင့်မော်က ဆိုပါတယ်။


က္က