လည်ပတ်နိုင်မယ့် နေရာတွေကို Duwun ကစုစည်းဖော်ပြထားပါတယ်။
Ei Ei Htun

သီတင်းကျွတ်ပိတ်ရက်ကာလမှာ ရန်ကုန်မှာ ပြုလုပ်မယ့် သီတင်းကျွတ်ပွဲတော်များကို Duwun ပရိသတ်ကြီး သိရှိနိုင်အောင် စုစည်းဖော်ပြပေးထားပါတယ်။ 

ဒီနှစ်သီတင်းကျွတ်ရုံးပိတ်ရက်ကို နိုင်ငံတော်က တရားဝင်ပိတ်ရက်အဖြစ် အောက်တိုဘာလ(၁၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိသတ်မှတ်ထားပါတယ်။ စုစုပေါင်းပိတ်ရက်(၅)ရက်ရရှိတာဖြစ်လို့ ဒီပိတ်ရက်(၅)ရက်မှာတော့ ခရီးထွက်ကြတဲ့ သူတွေလည်းအများအပြားရှိပါတယ်။

ခရီးမထွက်ဘဲ ရန်ကုန်မှာရှိနေမယ့်သူတွေကကော ဒီသီတင်းကျွတ်ပိတ်ရက်တွေမှာ ရန်ကုန်ရဲ့ ဘယ်နေရာတွေကို လည်ပတ်မယ်လို့ စိတ်ကူးထားကြလဲ။ Duwun က သီတင်းကျွတ်ပိတ်ရက်ကာလမှာ ရန်ကုန်မြို့တွင်း လျှောက်လည်လို့ရမယ့်နေရာတွေကိုကစုစည်းတင်ပြပေးလိုက်ပါတယ်။

(၁) ပျော်ပွဲရွှင်ပွဲများ

သီတင်းကျွတ် Carnival

ပျော်ပွဲရွှင်ပွဲတွေထဲကမှ ပထမဆုံးပြောပြချင်တဲ့ပွဲလေးကတော့  ကန်တော်ကြီးထဲမှာ ကျင်းပပြုလုပ်မယ့် သီတင်းကျွတ် Carnival ပွဲလေးပါ။ ဒီပွဲလေးကတော့ မြန်မာနိုင်ငံမှာ ပထမဆုံးပြုလုပ်တဲ့ ပွဲနေ့လးလည်းဖြစ်ပါတယ်။ ပွဲမှာ ဘာတွေပါဝင်လဲဆိုတော့ မီးရောင်စုံထွန်းလင်းထားတဲ့ ကစားစရာ ချားရဟတ်တွေ၊ ဂိမ်းကစားစရာများ၊ ဆန်းသစ်တဲ့ မျက်လှည့်ပြကွက်တွေအပြင် တမူးထူးခြားတဲ့ စိတ္တဇဆန်တဲ့သရဲအိမ်ကြီးမှာလည်း လူတွေကိုယ်တိုင်လိုက်ခြောက်မှာဆိုတော့ တကယ့်ကို စိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။

photo- Thadingyut Carnival ( လူကိုယ်တိုင်လိုက်ခြောက်မယ့် သရဲအိမ်ကြီး)

ဂိမ်းကစားနည်းပေါင်းများစွာကိုလည်း တစ်နေရာမှာ စိတ်ကြိုက်ကစားနိုင်သလို အစားသောက်ပေါင်းများစွာကိုလည်း တစ်နေရာတည်းမှာ စိတ်ကြိုက်ဝယ်စားလို့ ရနိုင်တဲ့ သီတင်းကျွတ် Carnivalပွဲ ကြီးကိုတော့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အောက်တိုဘာလ(၁၁)ရက်ကနေ (၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာပါ။ အချိန်ကတော့ နံနက်(၁၀)နာရီမှ ည(၁၀)နာရီထိဖြစ်ပါတယ်။

ကာတွန်းမီးပုံးပွဲ

နောက်တစ်ခုကတော့ မီးပုံးလေးတွေနဲ့ ကျင်းပမယ့် Bazaar in Town ပွဲလေးပါ ။ဒီပွဲမှာထူးခြားချက်က ကာတွန်းမီးပုံးပွဲတော်ဆိုတဲ့အတိုင်း ကာတွန်းမီးပုံးလေးတွေမှာ ဗဟုသုတရနိုင်မယ့်စာသားလေးတွေနဲ့ ဟာသလေးတွေရေးပြီး ပွဲတော်တစ်လျှောက်ချိတ်ဆွဲထားမှာပါ။ ဒီပွဲမှာ ဆိုရင် ရန်ကုန်မှာ ရှာရခက်တဲ့ street food အစုံအပါအဝင် အရုပ်တွေ၊ fashion ဆိုင်ခန်းတွေနဲ့ စုစုပေါင်း ဈေးဆိုင်ခန်း(၄၀) ကျော်ပါဝင်ရောင်းချသွားမှာပါ။ မီးပုံးလှလှလေးတွေလည်း တပ်ဆင်ထားမှာ ဖြစ်လို့ ဓာတ်ပုံလှလှလေးတွေလည်းရိုက်လို့ရနိုင်မှာပါေနော်။ဒီပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တစ်ခုက ပွဲတော်စတဲ့ရက်ကနေ ပြီးတဲ့နေ့အထိ Unplugged Show တွေနဲ့ ဖျော်ဖြေပေးမှာမို့ သီတင်းကျွတ်ကာလခရီးမသွားဖြစ်ရင်တောင် စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းတဲ့ ဒီသီတင်းကျွတ်ပွဲတော်မှာ ပါဝင်ဆင်နွှဲလို့ရပြီပေါ့နော်။ နေရာကတော့ ဒဂုံစင်တာ II ရှေ့မြေနီကုန်း ဂုန်းကျော်တံတားအောက်နားမှာ အောက်တိုဘာလ(၁၁)ရက်နေ (၁၄)ရက်နေ့ထိကျင်းပသွားမှာပါ။ အချိန်ကတော့ နေ့လယ် (၃)နာရီကနေ ည(၉)နာရီထိကျင်းပသွားမှာဖြစ်ပါတယ်။


photo - ရန်ကုန်ဆိုင်လမ်းညွှန်

Thadingyut Festival Of Lights 2019

လှပတဲ့ရောင်စုံမီးတွေနဲ့အလှဆင်ထားတဲ့ Thadingyut Festival Of Lights 2019ပွဲကြီးကိုလည်း ရန်ကုန်မြို့ရဲ့သမိုင်းဝင်အဆောက်အုံတစ်ခုဖြစ်တဲ့ အတွင်းဝန်များရုံးမှာ အောက်တိုဘာလ(၁၂)ရက်နေ့ကနေ (၁၄)ရက်နေ့ထိ (၃)ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားအုံးမှာလည်းဖြစ်ပါတယ်။ 

(၂) ပွဲဈေးများနှင့်ဈေးရောင်းပွဲတော်များ

ရေကျော်ပွဲဈေး

ရန်ကုန်မှာ သီတင်းကျွတ်လို့ပြောလိုက်တာနဲ့ ရေကျော်ပွဲဈေး ကိုအားလုံးပြေးမြင်မိမှာပါ။ သီတင်းကျွတ်မှာ ရေကျော်ပွဲဈေးဟာ အစည်ကားဆုံးပွဲဈေးတန်းကြီးတစ်ခုလည်းဖြစ်ပြီး နှစ်တိုင်းစည်စည်ကားကားကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးကြီးကိုတော့ ဒီနှစ်မှာ အောက်တိုဘာလ (၁၀)ရက်နေ့ကနေ (၁၄ )ရက်နေ့ ထိကျင်းပသွားမှာပါ။

ပွဲဈေးမှာတော့ ဈေးဆိုင်ခန်းပေါင်းများစွာက သူမတူအောင် မြန်မာမုန့်မျိုးစုံအပါအဝင် စားသောက်ဖွယ်ရာအမျိုးစုံလင်စွာရောင်းချတဲ့မုန့်ဆိုင်တန်းများ၊ အငြိမ့်ဖျော်ဖြေပွဲများ၊ စတိတ်ရှိုးအစီအစဉ်များစွာလည်းပါဝင်ပါတယ်။

BKK Night Market

နောက်တစ်ခုက Myanmar Culture Valley မှာကျင်းပမယ့် BKK Night Market အကြောင်းပါ။ သူကတော့ အောက်တိုဘာ(၁၀)ရက်နေ့ကနေ (၁၄)ရက်နေ့ နေ့စဉ်ညနေ(၄)နာရီကနေ (၁၀)နာရီကျင်းပသွားမှာဖြစ်ပြီး ဒီပွဲမှာဆိုရင်ေ စားသောက်ဖွယ်ရာဆိုင်တန်းများနဲ့ ဂိမ်းအစီအစဉ်တွေလည်းပါဝင်မှာပါ။

နောက်ထပ်ပြောပြပေးချင်တဲ့နေရာလေးကတော့ ဖျော်ဖြေပွဲနဲ့အတူ အမယ်စုံတဲ့မုန့်မျိုးစုံကိုဝယ်ယူစားသောက်နိုင်မယ့် ပွဲလေးတစ်ခုဖြစ်ပါတယ်။ နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ အေသင်ချိုဆွေ၊ အိမ့်ချစ်တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေပါဝင်မှာဖြစ်ပြီး နေရာကတော့ Sunshine Lotus Food Gardenမှာ ကျင်းပသွားမှာပါ။ ပွဲတော်ကျင်းပမယ့်ရက်တွေကတော့ အောက်တိုဘာလ( ၁၁)ရက်နေ့ကနေ (၁၄)ရက်နေ့ထိ နေ့စဉ် ညနေ(၆)နာရီမှာ ည(၉)နာရီထိကျင်းပသွားမှာပါ။ 

(၃) ဆီမီး(၁၀၀၀)ပူဇော်ပွဲများ

သီတင်းကျွတ်လဟာ ဆိုရင် မြန်မာတို့ရဲ့ (၁၂)လရာသီပွဲတော်ထဲက အထင်ကရပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ မြတ်စွာဘုရားရှင်က တာဝတိ ံသာနတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ကြွမြန်းတဲ့အခါမှာ မီးမြင့်မိုရ်တွေထွန်းပြီး ပူဇော်ပသကြတဲ့နေ့ဖြစ်ပါတယ်။ဒါကြောင့်မလို့ သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်းမှာ ဘုရား၊စေတီ၊ပုထိုးတွေနဲ့ ရပ်ကွက်တိုင်း၊လမ်းတိုင်း၊ အိမ်တိုင်းမှာလည်း ဆီမီးများထွန်းညှိပူဇော်လေ့ရှိပြီး သီတင်းကျွတ်လပြည့်နေ့မှာဆိုရင်လည်းရန်ကုန်မြို့ ရွှေတိဂုံဘုရားကြီးမှာ ဆီမီး (၁၀၀၀) ပူဇော်ပွဲကြီးကိုလည်း ကျင်းပပြုလုပ်သွားအုံးမှာပါ။

ဒါ့အပြင် ကျိုက္ကဆံစေတီတော်မြတ်ကြီးနဲ့ စွယ်တော်မြတ်စေတီတို့မှာ လည်း ဆီမီး (၁၀၀၀) ပူဇော်ပွဲကြီးကိုကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဆီမီးပွဲဇော်ပွဲတွေမှာ စတုဒီတာအလှူတွေကိုပါ ပြုလုပ်သွားအုံးမှာပါ။

(၄)ဂီတဖျော်ဖြေပွဲ

နိုင်ငံကျော် အဆိုတော်တွေဖြစ်တဲ့ ရဲလေး၊ အိမ့်ချစ်၊ ဝိုင်းလေးနဲ့ ပန်းရောင်ချယ်တို့ကလည်းစက်တင်ဘာလ(၁၂)ရက်နေ့၊ မဟာဗန္ဓုလပန်းခြံမှာ ညနေ(၅)နာရီကနေ ည(၉)နာရီထိ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူပရိသတ်ကြီးနဲ့ အတူရှိနေဦးမှာပါ။ ဝင်ကြေးကလည်းအခမဲ့ဆိုတော့ လူငယ်တွေအကြိုက်သွားရောက်ဆင်နွှဲသင့်တဲ့ သီတင်းကျွတ်ပွဲတော်တစ်ခုပါပဲ။အဆိုတော်တွေရဲ့ဖျော်ဖြေတင်တက်မှုတွေအပြင် ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းအစီအစဉ်တွေလည်းအများကြီးပါဝင်အုံးမှာနော်။

photo- Ye Tun Min (Ye Lay)

4 Show

နောက်ထပ်ဂီတဖျော်ဖြေပွဲတစ်ခုက လူငယ်ပရိသတ်အကြိုက်အဆိုတော်(၄)ဦးဖြစ်တဲ့ ရွှေထူး၊ X Box ၊ Lil’ Z ၊ ထက်ယံတို့ ပါဝင်ဖျော်ဖြေမယ့် ဖျော်ဖြေပွဲကြီးကိုတော့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ(၁၃)ရက်နေ့ညနေ (၅)နာရီကနေ ည(၁၀)နာရီထိ Rose Garden Hotel မှာကျင်းပပြုလုပ်သွားမှာပါ။လက်မှတ်တစ်စောင်ကို (၁၅၀၀၀)ကျပ်ဖြစ်ပြီး လက်မှတ်တွေကိုတော့ လှည်းတန်းစင်တာ၊ ဒဂုံစင်တာ (II)တို့မှာ ဝယ်ယူနိုင်ပါတယ်။

Iron Cross

 Rock ပရိတ်သတ်တွေအတွက် IC ရှိုးပွဲကြီးကိုလည်း အောက်တိုဘာလ(၁၂)ရက်နေ့ ညနေ (၅)နာရီကနေည(၁၁)နာရီထိ သုဝဏ္ဏဘူမိကွင်းကြီးမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးလက်မှတ်ဈေးနှုန်းတွေက အနိမ့်ဆုံး(၁၂,၀၀၀)ကျပ်ကနေ အမြင့်ဆုံး(၈၀,၀၀၀)ကျပ်ထိရှိပါတယ်။ လက်မှတ်တွေကိုတော့ We Events Offical Facebook Page မှာဝယ်ယူနိုင်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့နေရာတွေက သီတင်းကျွတ်ပိတ်ရက်မှာ ရန်ကုန်မြို့တွင်း လည်ပတ်လို့ရနိုင်မယ့်နေရာများကို စုစည်းဖော်ပြပေးခဲ့တာပါ။ အခုလိုပွဲတော်တွေအပြင် ရပ်ကွက်တိုင်း၊လမ်းတိုင်းမှာလည်း နိဗ္ဗန်ဈေးနဲ့ စတုဒီသာ အလှူတွေရှိတာကြောင့် သီတင်းကျွတ်လဟာဆိုရင် မြန်မာတို့ရဲ့ရိုးရာ၊ ချစ်စရာကောင်းတဲ့ပွဲတော်တစ်ခုပင်ဖြစ်ပါတယ်။ 


က္က