192 နံပတ်နဲ့ထားရှိသွားမှာပါ။
Ei Ei Htun

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရေးပေါ်လူနာတင်ယာဉ်တွေကြောင့် လူနာတွေအသက်ဆုံးရှုံးမှုှမရှိရအောင် လူနာတင်ယာဉ်အားလုံးကို ထိန်းချုပ်မယ့် Call Center တစ်ခုထားရှိသွားဖို့ စီစဉ်ဆောင်ရွက်ထားပြီး လွှတ်တော်ကို ဘတ်ဂျက်တင်ပြတောင်းခံသွားဖို့ရှိတယ်လို့သိရပါတယ်။ 

ရန်ကုန်ဆေးရုံကြီးရဲ့အရေးပေါ်ဌာနမှာ (၂၀၁၃)ခုနှစ်ကစလို့ လူနာတွေရဲ့အရေးပေါ်အခြေအနေတွေကို စနစ်သစ်နဲ့ကုသပေးလျှက်ရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ လူနာတင်ယာဉ်တွေကနေ သယ်ဆောင်ပြီး လာရောက်ပို့ဆောင်ပေးတဲ့လူနာက တစ်နေ့ကို အရေးပေါ်ဌာနအနေနဲ့ လူနာ (၄၅၀)နဲ့ (၅၀၀)ကြားမှာရှိနေပြီး (၂၄)နာရီကုသမှုတွေဆောင်ရွက်ပေးနေရတယ်လို့ဆိုပါတယ်။

“ ဆေးရုံကြီးကို အရေးပေါ်လူနာတွေလာတဲ့အခါမှာ (၂၀၀၃)ခုနှစ်လောက်ကဆိုရင် အရေးပေါ်ဌာနကို လူနာတင်ယာဉ်နဲ့လာနိုင်တဲ့ လူနာက တစ်ရာမှာ (၃)ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ၂၀၁၄ လောက်မှာတော့ (၈)ရာခိုင်နှုန်းလောက်ထိတက်လာတယ်။ ၂၀၁၆ ခုနှစ်စာရင်းအရဆိုရင်(၂၄)ရာခိုင်နှုန်းလောက်ထိတိုးတက်လာခဲ့တယ်။ အခုနောက်ပိုင်းဆို လူမှုအကျိုးပြုအဖွဲ့တွေပေါ်လာတော့ လူနာတွေအနေနဲ့ ဆေးရုံရောက်ရှိလာမှုကပိုမိုလွယ်ကူလာတယ်လို့ပြောရမယ်။ ဒါပေမယ့် ပြောစရာကဘာဖြစ်လာလဲဆိုတော့ အရေးပေါ်လူနာတွေအနေနဲ့ ဆေးရုံကိုအချိန်မီမရောက်လို့သေဆုံးခဲ့တာတွေလည်းရှိတယ်။ ဒါကဘာလဲဆိုတော့ အခင်းဖြစ်တဲ့နေရာနဲ့ ဆေရုံကိုလာရတဲ့နေရာအကွာအဝေးတွေ၊ လမ်းမှာယဉ်ကြောကြပ်တည်းမှုတွေပေါ့။ များသောအားဖြင့် တစ်ခုခုဆို ရန်ကုန်ဆေးရုံကြီးကိုပဲလာကြတယ်။နီးစပ်ရာဆေးရုံတွေကိုမသွားကြဘူး။ အသက်ကယ်ရမယ့် လူနာတွေဆိုဒီလိုအခြေအနေမျိုးတွေမှာက အသက်ရှင်ခွင့်ရဖို့နည်းပါးတယ်” လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရေးပေါ်လူနာတင်ယာဉ်တွေကြောင့် လူနာတွေအသက်ဆုံးရှုံးမှုှမရှိရအောင် လူနာတင်ယာဉ်အားလုံးကို ထိန်းချုပ်မယ့် Call Center တစ်ခုထားရှိသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

“192 နဲ့ Call Center တစ်ခုထားရှိမယ်။ Call Centerအောက်ကိုဝင်ရောက်မယ့် လူမှုအဖွဲ့တွေရဲ့လူနာတင်ယာဉ်တွေကိုလည်း အာမခံတစ်ခုရရှိအောင်ဆောင်ရွက်ပေးဖို့စီစဉ်ထားတယ်။ ပြည်သူလူထုအနေနဲ့ကတော့ အရေးပေါ်နဲ့ပတ်သက်လို့ 192 နံပတ်ကိုခေါ်ဆိုလိုက်ရုံနဲ့ Call Centerကနီးစပ်ရာလူနာတင်ယာဉ်တွေကို ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ”ပါလို့ ပါမောက္ခဒေါက်တာမော်မော်ဦးကပြောပါတယ်။

လက်ရှိမှာတော့ Call Centerထားရှိရေးအတွက်တာဝန်ရှိအဖွဲ့အစည်းတွေအတည်ပြုဆုံးဖြတ်ထားပေမယ့် လွှတ်တော်ကို ဘတ်ဂျက်တင်တောင်းဖို့ကိစ္စရပ်တွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ လူမှုအကျိုးပြုအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေတဲ့ လူနာတင်ယာဉ် အစီးရေ (၄၅၀)ကျော်ရှိတယ်လို့သိရပါတယ်။ 


က္က