အချက် ၈ ချက် ဖော်ပြထားပါတယ်။

ဒီနှစ်ကျင်းပမယ့် ရန်ကုန်သင်္ကြန်မှာ အရင်နှစ်တွေနဲ့မတူဘဲ အပြောင်းအလဲတွေကို တွေ့ကြရဦးမှာ ဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်တွေ များပြားလာမှုနဲ့ အတူ ဖျော်ဖြေမှုပုံစံ ပြောင်းလဲလာမှုက ရန်ကုန်သင်္ကြန်ကို မတူညီတဲ့ ပုံစံတစ်ခုအဖြစ် ဖော်ဆောင်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

တကယ်လို့ Duwun ပရိသတ်တွေ သင်္ကြန်ကာလကို ရန်ကုန်မှာပဲ ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားရင် ရန်ကုန်သင်္ကြန်မလည်ခင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။



Photo - Khiri

လမ်းလျှောက်သင်္ကြန်ပွဲ

ပြီးခဲ့တဲ့ နှစ်တွေမှာ လမ်းလျှောက်သင်္ကြန် တစ်ခုပဲရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့် နေရာ ၅ ခုအထိရှိနေတာကိုတွေ့ရပါတယ်။ လမ်းလျှောက် သင်္ကြန်ကျင်းပမယ့် နေရာတွေကတော့ အင်းလျားလမ်းတလျောက်၊ မြကျွန်းသာပန်းခြံ၊ ကန်တော်ကြီး၊ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ကန်တော်မင်္ဂလာပန်းခြံတို့ပဲဖြစ်ပြီးတော့ လမ်းလျှောက်သင်္ကြန်တွေမှာဆိုရင် စားသောက်ဆိုင်တွေ၊ ကပွဲတွေ၊ သီချင်းသီဆိုဖျော်ဖြေကြတာတွေ၊စတဲ့ ပျော်ပွဲရွင်ပွဲတွေကို ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အစည်ကားဆုံးနေရာတွေကတော့ မြကျွန်းသာပန်းခြံထဲကလမ်းလျှောက်သင်္ကြန်နဲ့ အင်းလျားလမ်းသင်္ကြန်တို့ပဲဖြစ်ကြပါလိမ့်မယ်။

မဏ္ဍပ်ထိုင်ကြမလား

ရေကစားမဏ္ဍပ်တွေဟာ ဆိုရင်လည်း ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတလျောက်မှာ ဆောက်လုပ်နေကြပြီး သင်္ကြန်မှာ ကားနဲ့လျောက်မလည်ပဲ မဏ္ဍပ်ထိုင် ရေပက် လိုသူတွေအတွက် မဏ္ဍပ်လက်မှတ်တွေကို ရောင်းချပေးနေကြပြီဖြစ်ပါတယ်။ အထင်ကရ မဏ္ဍပ်ကြီးတွေဖြစ်တဲ့ BlackJack တို့၊ Barrack နဲ့ Youk Shi တို့ပူးတွဲပြီးလုပ်မယ့်မဏ္ဍပ်တွေကတော့ အင်းလျားကန်ဘောင်အနီးပြည်လမ်းပေါ်မှာရှိပါတယ်။

မဏ္ဍပ်တော်တော်များများကတော့ အဆိုတော်တွေဖိတ်ခေါ်ပြီး သီဆိုဖျော်ဖြေတာတွေ၊ ကခုန်ကြတာတွေရှိပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ သက်ဆိုင်ရာ မဏ္ဍပ်အလိုက် ကျပ် သုံးသောင်းလောက်ကနေ ကျပ်သိန်းချီပြီးပေးရတာတွေရှိပါတယ်။

Photo - Black Jack Water Festival FB

ရေပက်ခံထွက်ကြမယ်

ရေပက်ခံထွက်ချင်သူတွေအတွက် အကြံပြုချင်တာကတော့ မဏ္ဍပ်ကြီးတွေရှိတဲ့ နေရာတွေဟာ တိုးရခက်တဲ့ အတွက် အချိန်ကြန့်ကြာမှုတွေဖြစ်နိုင်ပါတယ်။ ဒီတော့ ပေါ့ပေါ့ပါးပါးနဲ့ မဏ္ဍပ်လေးတွေအများကြီးရှိပြီး ပျော်စရာကောင်းတဲ့ လမ်းကတော့ ဗဟိုလမ်းတလျောက် လည်ပတ်လို့ကောင်းပါတယ်။

ဗဟိုလမ်းကိုလည်ပတ်မယ်ဆိုရင်တော့ စမ်းချောင်း ဗားဂရာလမ်းနဲ့ ဗဟိုလမ်းထိပ်ကနေပြီး ဗဟိုလမ်းနဲ့ ပါရမီလမ်းတလျောက်မှာဆိုရင် ပျော်စရာကောင်းတဲ့ မဏ္ဍပ်အသေးလေးတွေ တလမ်းလုံးအပြည့်ရှိမှာပါ။နောက်ထပ် သွားလည်ပတ်ဖို့ အကြံပေးချင်တဲ့ နေရာကတော့ ပြည်လမ်းနဲ့ ကန်လမ်းထောင့်နားမှာဆိုရင် မဏ္ဍပ်ကြီးတွေအများကြီးရှိတဲ့ အတွက်သီချင်းတွေ နားထောင်ရင်း ပေါ့ပေါ့ပါးပါးလည်ပတ်နိုင်မှာဖြစ်ပါတယ်။

EDM နဲ့ ကဲဖို့

သင်္ကြန်တွင်းမှာ အကောင်းစား EDM တွေကိုနားထောင်ပြီး ကဲချင်သူတွေအတွက်ကတော့ ပြည်လမ်း၊ အင်းလျားကန်ဘောင်နားမှာရှိတဲ့ Thingyan Music Festival (TMF) ကိုသွားရောက်နိုင်ပါတယ်။ TMF မှာဆိုရင် နောက်တစ်ခုပါလာတာကတော့ AQUA GARDEN ပဲဖြစ်တယ်။ ပြည်တွင်းက နာမည်ကြီး DJတွေ အပါအဝင် နိုင်ငံတကာ က DJ တွေလည်း လာရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။

သင်္ကြန်တွင်း ဘာစားကြမလဲ

သင်္ကြန်တွင်းမှာဆိုရင် အစားအသောက်အတွက် သိပ်စိတ်ပူစရာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ သင်္ကြန်တွင်းမှာ Hot pot ဆိုင်တွေ၊ စားသောက်ဆိုင်တွေ တော်တော်များများက ဖွင့်ကြမယ်လို့ ကြေညာထားပါတယ်။ လမ်းမတော် တရုတ်တန်းကလည်း သင်္ကြန်ကာလအတွင်းမှာ ဖွင့်ထားမှာဖြစ်တဲ့ အတွက် သူငယ်ချင်းတွေနဲ့ တစုတဝေးထဲ သွားရောက်စားသောက်နိုင်ကြပါတယ်။

မြို့ထဲနီးနီးနားနား မိသားစုတွေနဲ့ ညဖက် ထွက်ပြီးဝယ်စားချင်တယ်ဆိုရင်တော့ ပြည်ထောင်စုရိပ်သာလမ်းမှာ Feel ညဈေးတန်းလည်းရှိပါတယ်။ ဈေးဝယ်စင်တာကြီးတွေ ပိတ်ပေမယ့် ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တွေကလည်း သင်္ကြန်ကာလပိတ်မှာ မဟုတ်တဲ့အတွက်အဆင်ပြေကြမယ်လို့ ယူဆရပါတယ်။

သွားရေးလာရေး

သွားရေးလာရေးအတွက်ကတော့ YBS ကနေ ကားအစီရေ ၁၀၀၀ နီးပါနဲ့ ပြေးဆွဲပေးမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် တချို့သော လမ်းပိတ်နေတဲ့ နေရာမျိုးတွေကိုတော့ ကွင်းရှောင်ပြီး မောင်းပေးမှာဖြစ်တယ်လို့သိရပါတယ်။ ကားခတွေကလည်း ပိုပေးစရာမလိုပဲ ပုံမှန်နှုန်းနဲ့ပဲ စီးနိုင်မယ်လို့ YRTA က သိရပါတယ်။ ပုံမှန်အားဖြင့် သင်္ကြန်တွင်းမှာလည်း Taxi တွေက ပြေးဆွဲပေးကြပါတယ်။

နေပူပူမှာ နေခင်းနေ့လည်နားဖို့

ပုံမှန်အားဖြင့် ကားနဲ့ ရေပက်ခံထွက်ကြတဲ့ အခါ နေ့လည်ခင်း အိမ်မပြန်ဖြစ်ကြတာများပါတယ်။ ဒီတော့ နေ့လည်နေ့ခင်း နားဖို့နေရာကလည်း အရေးကြီးပါတယ်။ နေ့လည်ခင်းဆိုရင် ဟိုတယ်တွေမှာ နားဖို့ကလည်း မလိုအပ်ဘဲ ငွေကုန်ကြေးကျရှိနိုင်တဲ့ အတွက် သက်သက်သာသာ နားနားနေနေ နားနိုင်တဲ့နေရာတွေကတော့ မြကျွန်းသာ ပန်းခြံ၊ ကန်တော်ကြီးထဲနဲ့ ပြည်သူ့ရင်ပြင်လိုနေရာတွေမှာ အနားယူပြီး ညနေပိုင်းပြန်လည်ပတ်ဖို့ စောင့်ဆိုင်းနိုင်ပါတယ်။ အဲ့ဒီနေရာတွေမှာ ဈေးဆိုင်လေးတွေလည်းရှိတာကြောင့် နေ့လည်နေခင်း ထမင်းစားဖို့လည်း အဆင်ပြေပါတယ်။

ခရမ်းလွန်ရောင်ခြည်

သင်္ကြန်ကာလအတွင်းမှာတော့ ရန်ကုန်မှာရှိတဲ့ အပူချိန်က မြင့်တက်နေမှာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ကလည်း လွန်ကဲအဆင့် ကျရောက်နိုင်တာကြောင့် သင်္ကြန်လည်ပတ်ကြမယ်ဆိုရင် အသားအရေကို နေရောင်အကြာကြီးတိုက်ရိုက်မထိစေဖို့နဲ့ မျက်လုံးကိုလည်း နေရောင်ခြည်စူးရှတဲ့ဒဏ်မခံရအောင် ကြိုတင်ပြင်ဆင်ပြီးတော့မှ လည်ပတ်သင့်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က