နေရေးထိုင်ရေးအခက်ခဲရှိနေတဲ့ သူတွေအတွက်ရောင်းချပေးမှာပါ။

နေရေးထိုင်ရေးအခက်အခဲဖြစ်နေတဲ့ ကျူးကျော်နေပြည်သူတွေအတွက် Micro Finance ချေးငွေနဲ့ရောင်းချပေးမှာဖြစ်ပြီး ဒီအိမ်တွေမှာ နေထိုင်တဲ့သူတွေကကိုယ့်ရဲ့ အိမ်ကို ရောင်းချ၊ ပေါင်နှံခွင့်မရှိသလို လွှဲပြောင်းခွင့်လည်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။




ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို မြို့ပြအဖြစ်ပုံပေါ်ခဲ့ပြီးတော့ ကျန်ရှိနေသေးတဲ့ မြေကွက်လပ်တွေကို ရောင်းချသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ်လ(၃)ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရုံးသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။



“ မြေကွက်လပ်တွေကိုရောင်းချတဲ့နေရာမှာ မြေတွေကိုအသုံးချဖို့အတွက် ပုံစံ(၄)မျိုးလောက် ကျွန်တော်တို့စဉ်းစားထားတာရှိပါတယ်။ ပထမကတော့ နေရေးအခက်ခဲဖြစ်နေတဲ့ ကျူးကျော်နေထိုင်နေတဲ့သူတွေကို စနစ်တကျစီမံခန့်ခွဲပေးနိုင်ဖို့ဖြစ်ပါတယ်။ မြေဧက (၄)၊(၅)ဧကလောက်ရှိတဲ့ အကွက်တစ်ခုမှာ ခြံစည်းရိုးခတ်ပြီး ကျူးကျော်နေထိုင်တဲ့ Smart Card ကောက်ထားတဲ့သူတွေ၊ အမှန်တကယ်နေရေးအခက်ခဲ ရှိနေတဲ့သူတွေကို ဒီနေရာမှာ နှစ်ခန်းတွဲအိမ်လေးတွေချပေးသွားမှာဖြစ်တယ်" လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီမှာ နေထိုင်မယ့်သူတွေကို Micro Finance ချေးငွေနဲ့ဆောင်ရွက်ပေးမှာဖြစ်ပြီး မြေကိုတော့အစိုးရက ထည့်ဝင်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ မြေကို ကော်မတီပိုင်အဖြစ်ထားရှိမှာဖြစ်တဲ့အတွက် ဒီနေရာမှာ နေထိုင်တဲ့သူတွေဟာ သူတို့တည်ဆောက်ထားတဲ့ အဆောက်အဦတွေကို ရောင်းချ၊ပေါင်နှံခွင့်မရှိသလို လွှဲပြောင်းခွင့်လည်း မရှိဘူးလို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။







နေရေးအဆင်ပြေအောင်သာဆောင်ရွက်ပေးမှာဖြစ်ပြီး နှစ်ခန်းတွဲအိမ်လေးတွေကို သိန်း(၃၀)ဝန်းကျင်ခန့်နဲ့ တည်ဆောက်နိုင်အောင် project ရေးဆွဲပြီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နေအိမ်တွေရောင်းချရာမှာလည်း တချို့က ကျူးကျော်နေရာမှာလာရောက်ပြီးစီးပွားရှာနေတဲ့သူတွေလည်းရှိတာကြောင့် ဒီလူတွေအပေါ်မှာတော့ ထည့်သွင်းစဉ်းစားပေးသွားမှာ မဟုတ်ဘဲ တကယ်ကျူးကျော်နေထိုင်နေကြတဲ့ပြည်သူတွေထဲက အမျိုးသမီးတွေကို (၁၀) ယောက်တစ်အုပ်စုစီစုပြီး ချေးငွေနဲ့ စနစ်တကျအိမ်ယာနေထိုင်ခွင့်ရအောင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျူးကျော်နေထိုင်တဲ့သူတွေ၊ နေရေးအခက်ခဲဖြစ်နေတဲ့သူတွေက ဘယ်လောက်တောင်ရှိနေလဲဆိုတဲ့အပေါ်မူတည်ပြီး တန်ဖိုးနည်း (၄)ထပ်တိုက်၊ (၅)ထပ်တိုက်အိမ်ယာတွေကိုဆောက်သွားမှာဖြစ်ရာ ခုကတည်းက လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေပြီလို့သိရပါတယ်။အခုလို တန်ဖိုးနည်းအိမ်ယာတွေကိုလည်း နေရေးအခက်ခဲဖြစ်နေတဲ့ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ အရစ်ကျဝယ်နိုင်ဖို့အတွက်ကိုလည်း တည်ဆောက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က