ကျပ်ငွေ (၃၆၈၈၁.၂၄)သန်းပိုမိုကောက်ခံရရှိခဲ့တာပါ။
Ei Ei Htun

ရန်ကုန်တိုင်းအတွင်း ဇူလိုင်လမှာ ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားကို ယခင်ကထက် လျှော့သုံးခဲ့တာကြောင့် သုံးစွဲမှု ယူနစ်( ၂၁.၉)သန်းထိ လျော့နည်းခဲ့ပေမယ့်လည်း ဇူလိုင်လရဲ့ လျှပ်စစ်မီတာခ ကောက်ခံရရှိမှုငွေဟာ ဇွန်လကထက် ကျပ်ငွေ (၃၆၈၈၁.၂၄)သန်းပိုမိုကောက်ခံနိုင်ခဲ့တယ်လို့သိရပါတယ်။ 

ဇူလိုင်လ(၁)ရက်နေ့ကစပြီး တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခဲ့ရာ ရန်ကုန်တိုင်းအတွင်းမှာတော့ မီတာသုံးစွဲသူ (၁.၃၈)သန်းဟာ သုံးစွဲမှု လျှော့ချခဲ့တာကြောင့် ဇွန်လထက် ဇူလိုင်လမှာ သုံးစွဲမှု ယူနစ်( ၂၁.၉)သန်းထိ လျော့နည်းခဲ့တယ်လို့သိရပါတယ်။ သုံးစွဲမှု ပမာဏလျော့နည်းခဲ့ပေမယ့် ဇူလိုင်လရဲ့ လျှပ်စစ်မီတာခ ကောက်ခံရရှိမှုငွေဟာ ဇွန်လကထက် ကျပ်ငွေ (၃၆၈၈၁.၂၄)သန်းပိုမိုကောက်ခံနိုင်ခဲ့တယ်လို့ စက်တင်ဘာလ(၉)ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။

“ ပြည်သူတွေက တစ်ယူနစ်ကို ဒီလောက်ကျမယ်ဆိုတဲ့အသိနဲ့ အခုဆိုရင် ချွေတာပြီးသုံးစွဲကြတယ်။ အခုလိုလျှပ်စစ် ဓာတ်အားကို ချွေတာသုံးစွဲလာကြတော့ ကျသင့်တဲ့ မီတာခတွေကလည်း အများကြီး မကျသင့်တော့ဘူး။ အခုဆိုရင် ကျွန်မတို့ကအစ အိမ်မှာဆို မီးတွေလိုက်ပိတ်ပြီးချွေတာသုံးစွဲနေပြီး ဖြစ်တဲ့အတွက် ဓာတ်အားခအများကြီးကျတာမျိုး၊ ဝန်ထုပ်ဝန်ပိုး ဖြစ်တာမျိူးမရှိဘူး” လို့ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဘဏ္ဍာရေးဌာနမှ ဒေါ်စိုးစိုးနွယ်က မီဒီယာတွေကိုပြောပါတယ်။

ဇူလိုင်လမှာ လျှပ်စစ်မီတာအသုံးပြုခကို ရန်ကုန်တိုင်းအနေနဲ့ ကျပ် သန်းပေါင်း သုံးသောင်း ၆ထောင်ကျော် ပိုမိုကောက်ခံနိုင်ပေမယ့် အဲဒီထဲကမှ အိမ်သုံးနဲ့ လုပ်ငန်းသုံးအမျိုးအစားမှာတော့ လုပ်ငန်းသုံးက လျှပ်စစ် မီတာခပိုပြီးရရှိခဲ့တယ်လို့ ဒေါ်စိုးစိုးနွယ်က ဆိုပါတယ်။

လျှပ်စစ်မီတာခတိုးမြှင့်လိုက်ပြီးနောက်မှာတော့ အိမ်သုံးတွေအနေနဲ့ ရေခဲသေတ္တာကို (၆နာရီ မိနစ်၃၀) ကို တစ်ယူနစ်၊ ထမင်းပေါင်းအိုးကို (၂)နာရီသုံးရင် တစ်ယူနစ်၊ အဝတ်လျှော်စက်ကို (၁နာရီ မိနစ် ၂၀)သုံးရင် တစ်ယူနစ်၊ Aircon ကို (၁)နာရီ သုံးရင် တစ်ယူနစ်နဲ့ လျှပ်စစ် မီးဖိုဟာ (မိနစ် ၅၀)ကို တစ်ယူနစ်ကျသင့်တာ ဖြစ်တယ်လို့လည်းသိရပါတယ်။ 


က္က