ကန့်သတ်လိုက်တဲ့ မြို့နယ် ၇ မြို့နယ်က ပြည်သူတွေဟာ Stay Home အစီအစဉ်ဖြင့်သာ နေထိုင်ရမှာဖြစ်ပါတယ်။
Ye Yint Htay

ရန်ကုန်တိုင်းထဲက မြို့နယ် ၇ မြို့နယ်ကို ဒီနေ့ ဧပြီလ ၁၈ ရက်နေ့ကစတင်ကာ Semi Lock Down အဖြစ် ပြင်ပမှ လူများဝင်ရောက်ခွင့် စတင်ကန့်သတ်လိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေဆီက သိရပါတယ်။


Semi Lock Down ပုံစံ ကန့်သတ်လိုက်တဲ့မြို့နယ်တွေကတော့ တောင်ဥက္ကလာပ မြို့နယ် ၊ ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန် ၊ မရမ်းကုန်းမြို့နယ်တွေပဲဖြစ်ပါတယ်။ဒီလိုကန့်သတ်လိုက်ပြီဖြစ်ကြောင်းကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေဆီ ညွှန်ကြားစာပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။


“မြို့နယ်တွေရဲ့ လမ်းသွယ်တွေကို ပြင်ပ လူတွေကို ဝင်ခွင့်မပေးတော့ဘူး။ Semi Lock Down လေးချဖို့လုပ်တာပါ။အဓိက မိန်းလမ်းမကြီးကလွဲလို့ ကျန်တဲ့လမ်းသွယ်တွေကို ၊ အစိုးရအဖွဲ့ညွှန်ကြားချက်နဲ့ပဲလုပ်တာပါ။ ညွှန်ကြားချက်မရှိရင် လုပ်လို့မရပါဘူး။ ကျနော်တို့ ဒေသန္တရအမိန့်တွေကတော့ ဒီနေ့စထုတ်ရမယ်။ လုပ်ငန်းကတော့ စအကောင်ထည်ဖော်မှာဖြစ်တယ်။ ဒီနေ့ပဲ ဒေသန္တရ အမိန့်လည်းထုတ်ထားတယ်။”လို့ လှိုင်သာယာမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက ပြောပါတယ်။ 


ခုလို ကန့်သတ်လိုက်တဲ့ မြို့နယ် ၇ မြို့နယ်က ပြည်သူတွေဟာ Stay Home အစီအစဉ်ဖြင့်သာ နေထိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့် Stay Home အကျုံးဝင်ပြည်သူတွေအနေနဲ့ အစိုးရဌာန ၊ အဖွဲ့အစည်းတွေ ၊ ကုမ္ပဏီ ၊ စက်ရုံ ၊အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်သူကလွဲပြီ းကျန်သူတွေဟာ အိမ်မှာသာနေထိုင်ရပါမယ်။


အကယ်လို့ မဖြစ်မနေ ဈေးဝယ်ဖို့ရှိပါက တစ်အိမ်မှာ တစ်ဦးသာ ထွက်ခြင်း၊ ဆေးရုံဆေးခန်းသွားရောက်ဖို့ရှိပါက တစ်အိမ်တွင် ၂ ဦးသာ သွားရောက်ခြင်း ၊နေအိမ်မှ ပြင်ပသို့သွာတိုင်း ပါးစပ် နှာခေါင်းစည်း တပ်ရမှာဖြစ်ပါတယ်။ဒါ့အပြင် ရပ်ကွက်အတွင်းကို တာဝန်ထမ်းဆောင်ရန် သွားရောက်ခြင်းပြန်လာ ခြင်းအတွက် ပို့ဆောင်ခွင့် ဖြတ်သန်းခွင့်ပြုထားတဲ့ယာဉ်တွေသာ ကျော်လွန်သွားလာခွင့်ပြုမှာဖြစ်ပါတယ်။


 ရပ်ကွက်အတွင်းဈေးဝယ်သွားလာခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်ပေါ်တွင် ယာဉ်မောင်းအပြင် ၂ ဦး သာသွားရောက်ရန် ၊ သတ်မှတ်ဦးရေထက်ပိုရန်ရှိခြင်း၊ အခြားအရေးပေါ်ကိစ္စရပ်အတွက်သွားလာရန်ရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီးခွင့်ပြုချက်ဖြင့်သွားလာရမှာဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ရန် သွားလာရန်မှအပ ၊ပြန်လာသူများမှအပါ ရပ်ကွက်ပြင်ပ ဖြစ်စေ၊၊ ရပ်ကွက်အတွင်းမှဖြစ်စေဝင်ထွက်ခွင့်မပြုတော့ကြောင်းသိရပါတယ်။


အဆိုပါ ထုတ်ပြန်ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ပါ ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ နေ့လည်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။


(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသောသတင်းဖြစ်ပါသည်။)


က္က