ဒီအမိန့်ဟာ စက်တင်ဘာ ၂ ရက် မနက် ၈ နာရီမှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှ မြို့နယ် (၇) မြို့နယ်ကို နေအိမ်မှာနေထိုင်ရေး (Stay at Home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ (စက်တင်ဘာလ ၁ ရက်) ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းက သင်္ဃန်းကျွန်းမြို့နယ်၊အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ မင်္ဂံလာဒုံမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကိစ္စတွေကလွဲပြီး နေအိမ်မှာပဲ နေထိုင်ကြရန် အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။



ဓာတ်ခွဲအတည်ပြုလူနာတွေ ထပ်မံတွေ့ရှိမှု၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိတဲ့ လူနာတွေ တွေ့ရှိရမှု များပြားလာတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် အိမ်မှာနေထိုင်ရေး အစီအစဉ်ကို လိုအပ်ကြောင်း ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ - အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာ ၃ ဦးတွေ့ရှိခဲ့ပြီးနောက် လူနာရဲ့ နေအိမ်တွေကို အသွားအလာကန့်သတ်ထားစဉ်)

အဆိုပါ မြို့နယ် (၇) မြို့နယ်မှာ နေသူတွေအနေနဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ကလွဲပြီး မိမိနေအိမ်မှာသာနေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ဖို့ အတွက် တစ်အိမ်ကို တစ်ဦးသာ သွားရောက်ဖို့၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ဖို့ ရှိပါက တစ်အိမ်ကို နှစ်ဦးသာ သွားရောက်ဖို့၊ နေအိမ်ကနေ ပြင်ပကို သွားလာရင် ပါးစပ်/နှာခေါင်းစည်းတပ်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ သွားရောက်မယ့်သူတွေကို ပို့ဆောင်မယ့်ယာဉ်တွေ၊ ဖြတ်သန်းသွားခွင့်ပြုထားတဲ့ယာဉ်တွေကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုဖို့၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ တစ်ဦး၊ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ နှစ်ဦးသာ လိုက်ပါသွားရောက်ရန် ညွန်ကြားထားပါတယ်။

ခွင့်ပြုထားတဲ့ ကိစ္စရပ်တွေနဲ့ အရေးပေါ်ကိစ္စရပ်တွေအတွက် သတ်မှတ်ဦးရေထက် သွားလာရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီး ခွင့်ပြုချက်နဲ့ သွားလာရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း တာဝန်ကိစ္စနဲ့ သွားလာသူတွေမှအပ ရပ်ကွက်ပြင်ပ/အတွင်းသို့ ဝင်/ထွက်ခွင့်မပြုရဘူးလို့ သိရပါတယ်။

ဒီအမိန့်ဟာ စက်တင်ဘာလ ၂ ရက် မနက် ၈ နာရီအချိန်မှာ စတင်သက်ရောက်မှာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ အမိန့်ကိုလိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်မှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမိန့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းကူးစက်မှု အမြင့်ဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကိုလည်း သြဂုတ်လ ၂၆ ရက်ညပိုင်းက Stay at Home အဖြစ် ကြေညာခဲ့ပြီး ပြည်နယ်အတွင်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ စားနပ်ရိက္ခာထောက်ပံ့မှုတွေနဲ့ ရောဂါထိန်းချုပ်ရေး ကိစ္စရပ်တွေကို အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးမယ်လို့လည်း အစိုးရက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က