လက်ရှိ ချမှတ်ထားတဲ့ Stay at Home ကန့်သတ်ချက်ကြောင့် လုပ်ဆောင်ဖို့ခက်ခဲနေတာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမပါ)က ပြည်သူခုနှစ်သန်းခန့်အတွက် Stay at Home ကာလ နှစ်ပတ်အတွင်းမှာ အခြေခံစားသောက်ကုန်တွေကို ရာရှင်စနစ်နဲ့ အိမ်ထောင်စုအလိုက် ထောက်ပံ့ဖို့က မဖြစ်နိုင်သေးဘူးလို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌ ဦးခင်ဟန်က Duwun ကိုပြောပါတယ်။

ပြည်သူ ခုနှစ်သန်းခန့်ကို ထောက်ပံ့ဖို့အတွက် ဝန်ထမ်းလုပ်အားလိုအပ်ချက်နဲ့ လက်ရှိသတ်မှတ်ထားတဲ့ Stay at Home ကန့်သတ်ချက်အရ ကုန်ပစ္စည်းစုဆောင်း ထုပ်ပိုးမှုအတွက် ပြင်ဆင်ရမဲ့အချိန်နဲ့လိုအပ်ချက်တွေကို မနေ့ကဆွေးနွေးပွဲမှာပဲ ပြည်ထောင်စုဝန်ကြီးကို ပြန်လည်တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။



"အခုက stay at home လုပ်ထားတယ် ။ ဒါကို ၁၄ရက်အတွင်းဝေရမယ်ဆို အစည်းအဝေးမနေ့ကလုပ်တော့ ဒီနေ့စရမယ်ပေါ့။ဒီဟာကုန်သွားတဲ့အထိလည်း စဖြစ်မှာမဟုတ်သေးဘူး။ဘာလို့လဲဆိုတော့ ပစ္စည်းဝယ်ရမယ်၊စုရမယ်၊ပါကင်ထုပ်ရမယ်။ ခုနှစ်သန်းကိုဆိုတော့ သိပ်အဆင်မပြေသေးဘူးပေါ့နော် ။ ကျွန်တော်တို့က အိမ်မှာနေရမှာလား ၊ လူစုလူဝေးနဲ့ဒီဟာတွေကိုထုပ်ပိုးပြီး ဖြန့်ချိတာလုပ်ရမှာလားဆိုတာဖြစ်နေတာပေါ့။နည်းနည်းလေး ကွဲလွဲမှုဖြစ်နေတယ်။အဲဒါလည်းစဉ်းစားဖို့လိုတယ် ။ ပြီးတော့ သင်္ကြန်ကာလတုန်းက အခြေခံလူတန်းစား ၆သိန်း၈သောင်းကိုထောက်ပံ့တုန်းကလည်း အခက်အခဲတွေရှိခဲ့တယ်။အဲဒါတွေကို ပြန်လည်ထောက်ပြတယ်။အဲဒီအနေအထားအရ အခု ခုနှစ်သန်းကိုပေးဖို့ဆိုရင် ဒီနှစ်ပတ်အတွင်းလုံးဝမဖြစ်နိုင်ဘူး အားလုံးက အဲဒါကိုတင်ပြတယ် " လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌ ဦးခင်ဟန်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ-သတင်းစဉ်(ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ် ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပစဉ်)

လက်ရှိအချိန်မှာ မြန်မာတစ်ပြည်လုံးကို အခြေခံစားသောက်ကုန်ဖြန့်ဖြူးနေတဲ့ ဘုရင့်နောင်ပွဲရုံတွေကလည်း ဖွင့်လှစ်လျက်ရှိပြီး ဈေးတွေအနေနဲ့လည်း stay home ကာလနှစ်ပတ်စာအတွက် ကုန်စည်ဝယ်ယူပြီးမှုတွေရှိတဲ့အတွက် ကုန်စည်စီးဆင်းမှုရှိနေမှာဖြစ်ပြီး အခြေခံစားသောက်ကုန်ပြတ်လပ်ဖို့ အလားအလာမရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေကို အခြေခံစားသောက်ကုန်ပစ္စည်းထောက်ပံ့မယ့်အစား အစိုးရအနေနဲ့ ငွေကြေးထောက်ပံ့ဖို့ကိုပဲ လုပ်ဆောင်သင့်တယ်လို့ ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

" ဒီလို ပစ္စည်းဝေဖို့က အခက်အခဲတွေကြောင့် ဘုရင့်နောင်ပွဲရုံဆို ၁၂၀၀လောက်ရှိတယ်။ရန်ကုန်တင်မဟုတ် မြန်မာတစ်ပြည်လုံးရဲ့ အသက်သွေးကြောပဲ။အဲဒါကြီးဖွင့်ထားတယ်ဗျာ ဈေးတွေကလည်း အားလုံးက နှစ်ပတ် ၊ တစ်လစာဝယ်ပြီးနေကြပြီ။ အဲဒီအတွက်လည်း ပူစရာမရှိဘူး။အဲဒီတော့ အဲဒီလူတွေကို ပိုက်ဆံပေးမယ်လို့ပဲပြောလိုက် အာမခံလိုက်။ သူတို့ဘာသာသူတို့ ပိုက်ဆံတောင်မှဝေစရာမလိုဘူး အာမသာခံလိုက် ကြိုက်တဲ့အချိန်မှပေး သူတို့လှည့်ပတ်ပြီးသုံးသွားလို့ရတယ်။အဲဒါလေးကို အကြံပြုတယ် ဦးရဲမင်းဦးက ။ဒါက တကယ်လည်းကောင်းတယ် တကယ်လည်းဖြစ်နိုင်ပါတယ် ။ ကျန်တဲ့လူတွေကလည်း အခက်အခဲအသီးသီးတွေရှိတဲ့အကြောင်းပေါ့။ မရဘူး အတင်းပဲ လုပ်ရမယ်ဆိုလည်း လုပ်မယ် ။ ပြီးချင်မှလည်းပြီးမယ်ပေါ့ ဒါသူတို့ဆွေးနွေးချက်ပေါ့ " လို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌ ဦးခင်ဟန်က Duwun ကိုပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးက ပြည်သူအားလုံး ခုနှစ်သန်းခန့်ကို အခြေခံစားသောက်ကုန်ထောက်ပံ့မယ့်အစား စားနိုင်သောက်နိုင်လူတန်းစားမပါဝင်ဘဲ အခြေခံလူတန်းစားနဲ့ ဝန်ထမ်းတွေကိုပဲ ပိုမိုထောက်ပံ့တာက ထိရောက်တဲ့ ထောက်ပံ့မှုဖြစ်နိုင်တယ်လို့ ဦးခင်ဟန်က သူ့အမြင်ကို ဆွေးနွေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့ မြို့နယ်တွေမှာ အိမ်ထောင်စုစာရင်း ကောက်ယူမှုတွေရှိနေပေမယ့်လည်း ထောက်ပံ့မယ့်ပစ္စည်း နဲ့ ထောက်ပံ့ဖို့အတွက် ညွှန်ကြားချက်ရောက်မလာသေးဘူးလို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးက Duwun ကိုပြောပါတယ်။

" အိမ်ထောင်စုစာရင်းတွေက ကောက်ပြီး တင်ပြထားတာကြာပါပြီ။အခုထိတော့ ဘာညွှန်ကြားချက်မှ မရသေးဘူးဗျ ။ အိမ်ထောင်စုဇယားတွေက လစဉ်တင်တဲ့စာရင်းတွေရှိပါတယ်။အဲဒီအပေါ်အခြေခံပြီး တိုင်းအစိုးရအဖွဲ့က ညွှန်ကြားမှ လုပ်လို့ရမှာပါ။ကြိုတင်စီမံဖို့ဆိုတာမျိုးပြောထားတာတော့ ရှိပေမယ့် ဘာတွေထောက်ပံ့မယ်ဆိုတာ မသိရတော့ အသေးစိတ်စီမံလို့မရသေးပါဘူး။စီမံချက်က ပထမတစ်ခေါက် ဧပြီလကတည်းက ဆွဲထားပြီးသားပါ။တကယ်လို့ ပစ္စည်းတွေဝေမယ်ဆို ဘယ်လိုနည်းနဲ့ဝေမလဲပေါ့။ဘာပစ္စည်းဝေမယ်မှန်းမသိရတော့ အသေးစိတ်အစီအစဉ်ဆွဲလို့မရသေးပါဘူး။ဆန်ဝေမယ်ဆို ဆန်နဲ့ပတ်သက်တာလုပ်ရမယ် ၊ ဆီဝေမယ်ဆို ဆီနဲ့ပတ်သက်တာလုပ်မှာကိုး ။ အခုကတော့ အသေးစိတ်မသိရသေးတော့ အစီအစဉ်ဆွဲလို့မရသေးပါဘူး။ကျွန်တော်တို့ ကမာရွတ်မြို့နယ်မှာကတော့ အိမ်ထောင်စုပေါင်း (၁၇၀၀၀)ကျော်ရှိပါတယ် " လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမပါ ) က ပြည်သူခုနှစ်သန်းခန့်အတွက် လက်ရှိချမှတ်ထားတဲ့ Stay Home ကာလမှာ အခြေခံစားသောက်ကုန်တွေထောက်ပံ့နိုင်ဖို့အတွက် မနေ့က စက်တင်ဘာလ ၂၃ရက်မှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး  မြန်မာနိုင်ငံ ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နှင့် ညီနောင်အသင်းများ ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ နဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်က တာဝန်ရှိသူတွေပါအွန်လိုင်းမှာဆွေးနွေးခဲ့ကြတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က