ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ရောဂါ  ပြည်တွင်းကူးစက်မှု မြင့်တက်လာတဲ့အတွက် ကွာရန်တင်းထားရသူဦးရေလည်း များလာပြီး  Quarantine စင်တာ မလုံလောက်မှုအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ်တွေအလိုက်မှာ ကွာရန်တင်းပြုလုပ်လို့ရနိုင်တဲ့  အထက်တန်းကျောင်း ၊မူလတန်းကျောင်းတွေကို အရန်ကွာရန်တင်းစခန်းအဖြစ် ပြင်ဆင်ပြုလုပ်ထားဖို့ လုပ်ဆောင်နေတယ်လို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပါတယ်။



"ကွာရန်တင်းတွေကတော့ တော်တော်လေးကို အဆင်မပြေဘူး၊contact person တွေကများ မှော်ဘီ GTC ကို အဝေးကြီးပဲ သွားပို့နေရတယ်။ ပထမလုပ်ထားတဲ့ Q စခန်းတွေကို မလောက်တော့တာပေါ့။ ဒါကြောင့် ခုညွှန်ကြားချက်တော့ ထွက်ထားတယ်။ မြို့နယ်တစ်မြို့နယ်မှာ အရန်ကွာရန်တင်းစင်တာတွေလုပ်ဖို့ပေါ့။ လူတော့မထည့်သေးဘူး။ အရန် နှစ်ခုလောက်လုပ်ထားပါဆိုလို့ ပြင်ဆင်နေတယ်"လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။

ကွာရန်တင်းတွေ မလောက်တော့တဲ့ အဓိကအကြောင်းက ပြည်တွင်းကူးစက်မှုများပြီး ပိုးရှိလူနာနဲ့ ထိတွေတဲ့ contact person များတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပပြန်တွေကိုလည်း အသွားအလာကန့်သတ် ပြီး ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်လို့ ကွာရန်တင်းနေရာတွေ လိုအပ်လာတာဖြစ်ပါတယ်။

"အခု ကျွန်မတို့အစိုးရမှာက ခက်ခဲနေတာက ကွာရန်တင်းစင်တာတွေ မရှိတော့ဘူးဖြစ်နေတာပေါ့။လူတွေက တော်တော်ပြည့်နေတယ်။ အဲဒီကိစ္စကို ကျွန်မတို့ တော်တော်ခေါင်းခဲနေတယ်။ အဲဒီပြဿနာရင်ဆိုင်နေရတယ်၊ဒါကို ကျွန်မတို့ အစိုးရအဖွဲ့ ကအကေါင်းဆုံးဖြေရှင်းဖို့ စီစဉ်နေတယ်လို့သိရပါ တယ်။ကွာရန်တင်း ထားတယ်ဆိုတာ ပြောတော့သာလွယ်တာပါ။ အစိုးရအပိုင်း ကျန်းမာရေးဝန်ကြီးဌာနအပိုင်းမှာ တကယ်လုပ်ရတာကျ အခက်အခဲရှိတယ်။ အခုဆို ပြည်တော်ပြန်တွေအတွက်လည် းပေးထားရတဲ့နေရာတွေရှိတယ်။ ပြည်တွင်း လည်းရှိတယ်။ဒါကြောင့် ကျွန်မတို့မှာ ကွာရန်တင်းမလုံလောက်မှုတွေရှိနေတယ်" လို့ မင်္ဂလာဒုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောပါတယ်။ 

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ Home ကွာရန်တင်းထားဖို့ လိုအပ်သူကို Home သတ်မှတ်ပြီး Facility ကွာရန်တင်းထားဖို့လိုအပ်သူကို Facility ကွာရန်တင်ထားကာ ဆေးရုံကွာရန်တင်း ထားဖို့ လိုအပ်သူကို ဆေးရုံမှာ စောင့်ကြည့်ကာ ကွာရန်တင်းထားနေတယ်လို့သိရပါတယ်။

လက်ရှိရန်ကုန်တိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၆၀၇ ဦးအထိ ရှိပြီး Stay Home သတ်မှတ်ထားတဲ့ မြို့နယ်က ၇ မြို့နယ် ရှိနေပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က