ရန်ကုန်တက္ကသိုလ်ဟာ ဝင်ထွက်လို့ရနိုင်တဲ့ လမ်းတွေအများကြီးရှိနေတဲ့အပြင် တချို့လမ်းတွေဆို ဖွင့်မပေးဘဲ ပိတ်ထားတယ်လို့ ဆရာများသမဂ္ဂ ဥက္ကဌ ဒေါက်တာအာကာမိုးသူက ပြောပါတယ်။
Thin Nu Swe

နိုဝင်ဘာလ လဆန်းပိုင်းက ရန်ကုန်တက္ကသိုလ်တွင်းမှာ ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး ရန်ကုန်တက္ကသိုလ်တွင်း သစ်ပင် ၇၀ ကျော်ကို ခုတ်လှဲခဲ့တာနဲ့ ပတ်သက်ပြီး လူထုက မကျေမနပ်ဆိုခဲ့ကြသလို ကျောင်းသားသမဂ္ဂအဖွဲ့ နဲ့ ဆရာများသမဂ္ဂ အဖွဲ့က သစ်ပင်တွေ ခုတ်လှဲနေတာနဲ့ ပတ်လမ်းဖောက်လုပ်မယ့်ကိစ္စကို ရပ်ဆိုင်းပေးဖို့ အာဏာပိုင်တွေထံ တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားများ သမဂ္ဂအဖွဲ့ကတော့ ဆန္ဒပြတောင်းဆိုသည်ထိ လုပ်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်ပတ်လမ်းဖောက်လုပ်မည့် ကိစ္စကို ခေတ္တခဏရပ်ဆိုင်းထားတယ်လို့ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုညီဇော်က Duwun ကို ပြောပါတယ်။

"အခုကျွန်တော်တို့အစည်းအဝေးဆုံးဖြတ်ချက်အရတော့ ယာယီရပ်ဆိုင်းလိုက်တာပေါ့။ သူတို့ကပြောတယ် ကျောင်းသားတွေရဲ့ သဘောတူညီချက်ရမှ ဒါကိုဆက်လုပ်မယ်ဆိုတော့ ကျွန်တော်တို့ကျောင်းသားတွေဘက်ကလည်း ဒီပတ်လမ်းလုပ်မယ့်ကိစ္စကိုလုံးဝသဘောတူမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကျောင်းမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်၊ တစ်တိုင်းတစ်ပြည်လုံးရဲ့ ပညာရေးစနစ်မှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ မပြည့်စုံမှုတွေရှိနေတဲ့ ပညာရေးစနစ်မှာ ရန်ကုန်တက္ကသိုလ် တစ်ခုတည်းကို အပေါ်ယံရုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲနေမှုဟာ မဖြစ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ဘက်ကတော့ ပိုကောင်းတဲ့ ပညာရေးစနစ်ကို အလိုရှိတယ်။" လို့ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုညီဇော်က ဆိုပါတယ်။

ခုဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ နှစ်၁၀၀ တိုင်ခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ သစ်ပင်အရိပ်အာဝါသ ကောင်းမွန်တဲ့ အိုအေစစ်ကြီးတစ်ခုဖြစ်နေသလိုမျိူး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွက် အရမ်းကို အရေးပါအရာရောက်နေတဲ့ နေရာကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဆရာများသမဂ္ဂအဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ အာကာမိုးသူကတော့ ဒီလို အသစ်တွေ ထပ်မံဆောက်လုပ်နေတာထက်စာရင် ရှိပြီးသား သမိုင်းဝင်နေရာတွေ ၊ သမိုင်းဝင်အဆောက်အဦးတွေကိုသာ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း Duwun ကိုပြောပါတယ်။

“ပိတ်ထားတဲ့ လမ်းတွေဖွင့်ပေးဖို့ပဲလိုတယ်။ ပျက်စီးနေတဲ့ အဆောက်အအုံတွေ ပြန်ပြင်ဆင်ပေးဖို့လိုတယ်။ ပတ်လမ်းဖောက်တာထက်စာရင် မူလမှာ ထိန်းသိမ်းရမယ့်ဟာတွေရှိတယ်။ နှစ်တစ်ရာရှိပြီ အဆောက်အအုံတွေက..။ အဆောက်အအုံပျက်နေတာတွေကို ထိုးဖျက်ဖို့ မဟုတ်ဘဲ စနစ်တကျထိန်းသိမ်းဖို့ပဲ လိုတယ်။ ဒါက ပြတိုက်လိုဖြစ်နေတာ။ မြန်မာတစ်နိုင်ငံလုံးရဲ့ Heritage လာဖြစ်နေတာ။ ပြီးတော့ ဘယ်လမ်းက ဝင်ဝင် ၊ ဘယ်အဆောက်အအုံကိုပဲ ထိထိ သမိုင်းဝင်အဆောက်အအုံတွေချည်းပဲ။ မြန်မာတစ်နိုင်ငံလုံးရဲ့ ပြတိုက်ပဲ။ ဒီတော့ ပြတိုက်ဆန်တဲ့ ထိန်းသိမ်းမှုကိုပဲ လုပ်သင့်တယ်။" လို့ ဆရာများသမဂ္ဂအဖွဲ့ရဲ့ ဥက္ကဌက ဆိုပါတယ်။

ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျောင်းသား၊ ကျောင်းသူ နဲ့ ဆရာ ၊ ဆရာမများသာမက လူတိုင်းလိုလိုက ရန်ကုန်တက္ကသိုလ်တွင်း ပတ်လမ်းဖောက်ဖို့ထက် အရေးတကြီးလိုအပ်နေတဲ့ ပညာရေးစနစ်နဲ့အတူ တခြား ပြုပြင်ထိန်းသိမ်းပြင်ဆင်သင့်တဲ့ အရာတွေကိုသာ ပြုလုပ်ကြဖို့ အလိုရှိနေကြပါတယ်။

ရန်ကုန်တက္ကသိုလ်တွင်း ပတ်လမ်းဖောက်လုပ်ဖို့အတွက် သစ်ပင်တွေ ခုတ်လှဲလိုက်မှုဟာ ချက်ချင်းကို လူထုကြားရောက်ရှိသွားပြီး ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ပတ်လမ်းဖောက်လုပ်မယ့်ကိစ္စကို ယာယီရပ်တန့်ထားပြီး အားလုံးရဲ့ သဘောတူညီမှုရမှသာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်၊ တက္ကသိုလ်ပတ်လမ်းဖောက်လုပ်မှုကိစ္စရဲ့နောက်ဆက်တွဲကို သိရှိနိုင်ဖို့ စည်ပင်၊ လမ်းတံတား နဲ့ သစ်တောဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။



က္က