Hmue Eain Zaw

ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တစ်ခု ပြန်ဖြစ်လာရန် မျှော်မှန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo - Myanmar State Counsellor Office

ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်လို့ ပြန်လည်မွမ်းမံရေး၊ အဆင့်မြှင့်တင်ရေး မဟာစီမံကိန်းမှာဆိုရင် ဦးစီးကော်မတီ၊ ပညာအရည်အသွေးမြှင့်တင် ရေးကော်မတီ၊ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းရေးကော်မတီ၊ ရန်ကုန်တက္ကသိုလ်ပဋိညာဉ် ရေးဆွဲရေးကော်မတီတွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သူကပြောပါတယ်။

ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀) ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီရဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်အမှာစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo - Myanmar State Counsellor Office

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ဦးစားပေးအစီအစဉ်ဆိုပြီး သတ်မှတ်ထားတာကတော့ သင်ကြားသင်ယူမှုနဲ့ သုတေသနဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပြီး ပညာရေးစနစ် ပိုပြီးတော့ ကောင်းမွန်အောင် သင်ကြားတဲ့နည်းကို ပြန်စပြီးပြုပြင်ရမှာဖြစ်သလို ပို့ချတဲ့ဆရာဆရာမတွေရဲ့အရည်အချင်းမြင့်ဖို့လည်းလိုတယ်လို့ ဆိုပါတယ်။

“သုတေသနဆိုတာကတော့ ဆန်းသစ်တီထွင်ချင်တဲ့စိတ်တွေကို ကျွန်မတို့က အားပေးချင်တာပါ။ တစ်ဖက်ကလည်း ကျွန်မတို့နိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု အတွက်လည်း အထောက်အကူဖြစ်နိုင်ပါတယ်။ သုတေသနတွေဟာ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်တွေ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ပံ့ပိုးနိုင်မယ့် သုတေသနမျိုးလုပ်နိုင် မယ်ဆိုရင် နိုင်ငံကိုလည်း အကျိုးဖြစ်ပါတယ်။ သုတေသနဆိုတာ ကျယ် ကျယ်ပြန့်ပြန့်။ ရုပ်ပိုင်းဆိုင်ရာတွေသာမကဘဲနဲ့ တစ်ခြားစိတ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအပိုင်း တွေမှာပါ သုတေသနလုပ်ပြီး ကျွန်မတို့နိုင်ငံကို တိုးတက်အောင် ပံ့ပိုးနိုင်မယ်ဆိုရင် ဒါဟာ ကျွန်မတို့ ပညာရေးစနစ်ကိုသာမက လူမှုရေးစနစ် တစ်ခုလုံးကို ထွန်းတောက်အောင် လုပ်ပေးရာရောက်မှာပါ။"လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

Photo - Myanmar State Counsellor Office

ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁)ရက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားတွေကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ(၁) ရက်နေ့ကစပြီး အချိန် တစ်လကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က