ဆေးရုံ၊လမ်းမီး၊မီးပွိုင့်နဲ့ CNG ဆိုင်တွေ မီးမပြတ်အောင် လုပ်မှာပါ။

ရန်ကုန်မြို့အဝင်လမ်းနဲ့ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် ရန်ကုန်တစ်မြို့လုံးကို လမ်းမီး အပြည့်အဝရရှိအောင် ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။


ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့ တိုင်းအစိုးရရုံးခန်းမမှာ ပြုလုပ်ခဲ့တဲ့ တိုင်းအစိုးရ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တတိယ (၁) နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့တာပါ။



ဒါ့အပြင် ယခုနှစ်နွေရာသီမှာ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုတွေရှိခဲ့ပြီး နောက်နှစ်တွေမှာ မီးပြတ်မယ်ဆိုပါက ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံ၊ လမ်းမီးတွေ၊ မီးပွိုင့်တွေနဲ့ CNG ဆိုင်တွေကို မီးပြတ်တောက်မှုမရှိအောင် သီးခြား လျှစ်စစ်လိုင်းနဲ့ မီးပေးဖို့ စီစဉ်ထားမယ်လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။

“လမ်းမီးတွေမလင်းရင် မြို့လုံခြုံရေးအားနည်းသွားနိုင်တယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့ကို ဝင်လာရင် ထောက်ကြံမြို့ကစပြီးတော့ လမ်းမီးတွေကို အဓိက အရေးပေးပြီး ဆောင်ရွက်နေပါတယ်။ တစ်မြို့လုံးကို မကြာမီမှာ လမ်းမီး အပြည့်အ၀ ရရှိအောင်လုပ်မယ်။ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (၄) မြို့နယ်ကို ဦးစားပေး ထွန်းညှိသွားပါမယ်။ “ လို့ ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့တွင်းရှိ လမ်းမီး ဓာတ်တိုင်များကို တွေ့ရစဉ်။

ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ် နွေရာသီအတွက် ရည်မှန်းပြီး ရန်ကုန်မြို့မှာ အခြေပြုပြီး ၁၄၀၀ မဂ္ဂဝပ်လောက်အထိ ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လျှပ်စစ်ထုတ်လုပ်ရေး၊ လျှပ်စစ်သွယ်တန်းခြင်းနဲ့ လျှပ်စစ်ဖြန့်ဝေခြင်း (၃) ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းလျှပ်စစ်ဓာတ်အားကော်ပရေးရှင်းက လျှပ်စစ်သွယ်တန်းခြင်းနဲ့ ဖြန့်ဝေခြင်းကို အဓိက ဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဟာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှုရဲ့ ထက်ဝက်ကျော်ကို သုံးစွဲနေတာဖြစ်ပြီး ယခုနှစ်မှာ ၁၅၀၀ မဂ္ဂဝပ်ကနေ ၁၆၀၀ မဂ္ဂဝပ်အထိ အသုံးပြုခဲ့တယ်လို့သိရပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းခန့်ကို လျှပ်စစ်ဓာတ်အား ရရှိဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က