သတင်းမီဒီယာတွေနဲ့မကြာခဏတွေ့မယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ တာဝန်ယူချိန် ၃ နှစ်တာကာလအတွင်း နားရက်မယူဘဲ ကြိုးစားခဲ့တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။



ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမှုတွေကို မကြာခဏပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၅ ရက်က ရန်ကုန်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ တတိယ (၁) နှစ်တာ ကာလအတွင်းဆောင်ရွက်ချက်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ တိုင်းအစိုးရအနေနဲ့ သတင်းမီဒီယာတွေကို တစ်လတစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

'' ဒီတွေဆုံမှုကနေ သိချင်တဲ့ အချက်အလက်တွေကို သတင်းတွေကိုရယူသွားနိုင်ဖို့ပါ။ တိုင်းဒေသကြီး ရဲ့ကော်မတီ လစဉ်အစည်းအဝေးတွေမှာ တွေ့ဆုံဖို့ရှိပါတယ်'' လို့ ပြောပါတယ်။

လက်ရှိမှာ သတင်းမီဒီယာကောင်စီနဲ့ မဏ္ဏိုင်ကြီး (၄)ရပ်တွေ့ဆုံဆွေးနွေးပွဲကို လာမယ့်ရက်သတ္တပတ်အတွင်းကျင်းပဖို့ရှိတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

ဒါ့အပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပရေးရှင်း (YESC )၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အစရှိတဲ့ အဖွဲ့အစည်းတွေကလည်း သတင်းမီဒီယာတွေနဲ့ နှစ်ပတ်တစ်ကြိမ်တွေ့ဆုံပြီး သတင်းထုတ်ပြန်ပေးသွားမယ်လို့ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အဆောက်အဦး ဝန်ကြီး ဒေါ်နီလာကျော်ကပြောခဲ့ပါတယ်။

သတင်းမီဒီယာတွေနဲ့ လစဉ်တွေ့ဆုံနိုင်ဖို့နဲ့ ကော်မတီအစည်းအဝေးတွေမှာ တွေ့ဆုံမှာဖြစ်ပြီး တိုင်းအစိုးရက ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆောင်ရွက်ချက်တွေကို တင်ပြလိုတာကြောင့် အခုလိုသတင်းမီဒီယာတွေနဲ့ တွေ့ဆုံရတာဖြစ်တယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က