လှိုင်သာယာမှာ အရင်ဆုံးတပ်ဆင်မှာပါ။
Mi Thawdar Aung

လှိုင်သာယာမြို့နယ်ကဲ့သို့ မှုခင်းဖြစ်ပွားမှုများပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ မြို့နယ်တွေမှာ CCTV များတပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားခဲ့ပါတယ်။

ဇွန်လ ၅ ရက်နေ့က ရန်ကုန်တိုင်းအစိုးရရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရ တတိယ (၁) နှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“ တရုတ်ကနေ ထောက်ပံ့ထားတဲ့ CCTV အလုံး ၂၄၀ ကို ရရှိထားပြီးပါပြီ။ ဒါတွေကို တပ်ဆင်ဖို့ လုပ်နေပါတယ်။ အဓိကက လှိုင်သာယာမှာ ဖြစ်ပါတယ်။ပြစ်မှုဖြစ်တဲ့ ဒဂုံတောင်လို နေရာမျိုးတွေ၊ ဒဂုံမြို့သစ်လေးမြို့နယ်၊ အင်းစိန်လို ရွှေပြည်သာ၊ လို နေရာမျိုးတွေမှာ ပါ အစီအမံနဲ့ ဆောင်ရွက်သွားမှာပါ။ “ လို့ ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာတော့ အလုံး ၁၄၀ တပ်ဆင်သွားမှာ ဖြစ်ပြီး ကျန်ရှိတဲ့ CCTV တွေကို ရန်ကုန်မြို့ရဲ့ Traffic Control Center တပ်ဆပ်ထားတဲ့ မီးပွိုင့် ၁၅၄ ပွိုင့်ခုအနက်  CCTV မရှိသေးတဲ့နေရာတွေမှာ တပ်ဆင်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ လုံခြုံရေးစနစ်ကို တိုးမြှင့်တဲ့ အနေနဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေမှာ ရှောင်တခင်စစ်ဆေးခြင်းတွေကို ဆောင်ရွက်နေပြီး အရေးကြုံရင် ပိတ်ဆို့ရေးစနစ်တွေပါ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ လူနေထူထပ်တဲ့နေရာ၊ ကျူးကျော်နေထိုင်မှုများတဲ့နေရာ မှုခင်းဖြစ်ပွားမှုများတဲ့နေရာတွေမှာလည်း မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပညာပေးအစီအစဉ်တွေ လုပ်မယ်လို့ နယ်လုံဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တရားခံကို မျက်နှာဖတ်တဲ့စနစ်၊ အသံပိုင်းဆိုင်ရာစနစ်၊ တရားခံမှတ်သားတဲ့ နည်းပညာတွေကို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က