ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေမှာ ကျဆင်းသွားပါတယ်။
Hmue Eain Zaw

ရန်ကုန်တိုင်းအတွင်း တီဘီရောဂါဖြစ်ပွားမှု ကျဆင်းခြင်းမရှိပဲ တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ပွားနေတဲ့ နေရာဖြစ်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

Photo - MSF Myanmar

ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာ (၂၀၁၈) အရ မြန်မာနိုင်ငံရဲ့လူဦးရေ (၁)သိန်းမှာ တီဘီရောဂါ ဖြစ်ပွားသူ (၃၅၈)ဦးနဲ့ ရောဂါကြောင့်သေဆုံးသူ (၅၁)ဦးရှိနေတယ်လို့ ဝန်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် (၃.၅%) ခန့် ကျဆင်းနေပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးသော နိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ပြီး ရန်ကုန်မြို့မှာ တီဘီဖြစ်ပွားမှုဟာ ကျဆင်းခြင်းမရှိဘူးလို့ ဧပြီလ ၂၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံတစ်ဝန်း တီဘီရောဂါ ဖြစ်ပွားမှု စစ်တမ်း (၂၀၁၇-၂၀၁၈) (Nationwide TB Prevalence Survey) အသိပေး ဆွေးနွေးပွဲမှာ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo - IOM

မြန်မာနိုင်ငံမှာယခင် (၂၀၀၉-၂၀၁၀) ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လူဦးရေ တစ်သိန်းမှာ ပိုးပေါက်တီဘီ (culture positive) ရောဂါဖြစ်ပွားသူ (၅၀၂)ဦးရှိခဲ့ပြီး ယခုစစ်တမ်းတွေ့ရှိချက်အရ လူဦးရေတစ်သိန်းတွင် ပိုးပေါက်တီဘီ (culture positive) ရောဂါဖြစ်ပွားသူ (၂၄၂)ဦး သို့လျော့ကျလာပြီး ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုမှာ စစ်တမ်းကောက်ယူသူများအတွင်း (၃%) သာတွေ့ရှိ ရတော့တယ်လို့သိရပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တော့ လျော့ကျခြင်းမရှိဘဲ ဆေးယဉ်ပါးသူဟာလည်း ၂၀ ရာခိုင်နှုန်းလောက်ရှိနေပါသေးတယ်။

အမျိုးသားတီဘီ ရောဂါ တိုက်ဖျက်ရေးစီမံချက်မှ (၂၀၁၈)ခုနှစ်တွင် တီဘီရောဂါလူနာ (၁၃၅၀၀၀) ကျော်ကို ကုသမှု ပေးခဲ့ရာ ကုသမှုအောင်မြင်နှုန်းမှာ (၈၇%) ရရှိခဲ့တယ်လို့ဆိုပါတယ်။ ယခုစစ်တမ်းအရ တီဘီရောဂါဖြစ်ပွားသူတွေရဲ့ (၇၃%) မှာ အမျိုးသားတွေဖြစ်ကြပြီး တီဘီလူနာများရဲ့ (၅၀%) ကျော်မှာ အသက်(၅၀) နှစ်နဲ့ အထက်တွေဖြစ်တာကြောင့် ပြည်သူ လူထုအတွင်း တီဘီရောဂါကူးစက်ပြန့်ပွားမှုကို အတော်အသင့် ထိန်းချုပ် နိုင်ပြီဟုယူဆနိုင်ပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က