မနေ့ညက ထွက်ရှိတဲ့ ၉၅ ဦးစာရင်းမှာ ပါဝင်တာပါ။

မနေ့(သြဂုတ်လ ၃၁ ရက်) ညက တွေ့ရှိတဲ့ အတည်ပြုလူနာ ၉၅ ဦးထဲမှာ သင်္ဃန်းကျွန်းကနေ သံသယလက္ခဏာတွေ့လို့ စောင့်ကြည့်လူနာအဖြစ် ထားတဲ့ ၃ ဦးပါဝင်ကြောင်း သဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီ အဖွဲ့ဝင်တစ်ဦးထံမှ သိရပါတယ်။ 

"ဒီနေ့မနက်တွေ့တာတော့ မသိရသေးဘူး။ Positive ဆိုရင်တော့ ကျွန်တော်တို့ သိရပြီဗျ။ မပါလို့ဖြစ်လိမ့်မယ်။ ၉၅ ယောက်ထဲမှာ လောလောဆယ် စံပြဆေးရုံကထွက်တာတော့ ၃ ယောက်။ ထပ်ပြီးတော့ ဘယ်လောက်ထွက်မလဲတော့ မသိဘူး" လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ကျော်စွာဦးက Duwun ကို ပြောပါတယ်။ အဆိုပါ ၃ ဦးမှာ နှစ်ဦးမှာ သားအဖဖြစ်ပြီး ကျန်တစ်ဦးကတော့ လိပ်စာလွဲနေတယ်လို သိရပါတယ်။ 



" ဆ/က ရပ်ကွက်က ရတနာသုခလမ်းက သားအဖနှစ်ယောက်ပေါ့နော်။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ အတူတူအလုပ်လုပ်ကြတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာ အဖေက စဖျားပြီးတော့ နှာခေါင်းအနံ့ပျောက်လာတယ်။ နောက်ပြီးတော့ သမီးထပ်ဖြစ်တယ်။ အဲဒါနဲ့ ဒီဆေးခန်းကနေ သူတို့ကို သံယယလူနာအဖြစ် PUI (စောင့်ကြည့်လူနာ) ထားပြီးတော့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်ယူလိုက်တဲ့အခါမှာ မနေ့က Positive ထွက်တယ်ပေါ့" ဒေါက်တာ ကျော်စွာဦးက ဆိုပါတယ်။ 

အဆိုပါ သားအဖနှစ်ဦးရဲ့ မိသားစုဝင် နောက်တစ်ဦးကို ကွာရန်တင်းပို့ဖို့ တိုင်းကျန်းမာရေးညွှန်ကြားချက်ကို စောင့်နေပြီဖြစ်ကာ သူတို့နေထိုင်ရာတိုက်ကိုတော့ ပုံမှန်လုပ်နေကျအတိုင်း လော့ဒေါင်းလုပ်သွားမယ်လို့လည်း သိရပါတယ်။  နောက်တစ်ဦးက ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး သူပေးတဲ့ လိပ်စာက လွဲမှားမှုရှိနေတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ အဆိုပါအတည်ပြုလူနာနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။ 

ထူးဆန်းတာက သုံးယောက်စလုံးမှာ ခရီးသွားရာဇဝင်ရော၊ အတည်ပြုလူနာထိတွေ့မှုရောမရှိတဲ့အတွက် ရန်ကုန်မြို့တွင်းမှာ လက္ခဏာမပြဘဲ ကူးစက်မှုက ရှိတော့ ရှိနေပြီလို့လည်း ဒေါက်တာ ကျော်စွာဦးက မှတ်ချက်ပြုပါတယ်။ သြဂုတ်လ ၂၈ ရက်က တွေ့ရှိထားတဲ့ သင်္ဃန်းကျွန်းမှ လူနာအမှတ် ၅၉၅ (တစ်အိမ်ထဲ လူ ၃၀ နီးပါးခန့်နေထိုင်သူ) နဲ့ တိုက်ရိုက်ထိတွေ့သူ စုစုပေါင်း ၃၄ ဦးရဲ့အဖြေကိုလည်း မသိရှိရသေးဘဲ မနေ့ညက ၉၅ ဦးစာရင်းထွက်မှသာ သိရမှာဖြစ်တယ်လို့လည်း ဒေါက်တာကျော်စွာဦးက ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က