ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီကနေ အနိုင်ရရှိခဲ့တဲ့ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ခဲ့တာမဟုတ်ဘဲ အစဉ်အလာရှိတဲ့ ပါတီရဲ့ကိုယ်စားလှယ်အနေနဲ့ ယုံကြည်ထောက်ခံခဲ့တာလို့ ဒီနေ့ (သြဂုတ်လ ၂၃ ရက်) က ကိုယ်စားလှယ်များနဲ့ နေပြည်တော်မှာ တွေ့ဆုံပွဲပြုလုပ်စဉ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

" ၁၉၉၀ ပြည့်နှစ်ကပဲဖြစ်ဖြစ်၊ ၂၀၀၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဖြစ်ဖြစ်၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက ဖြစ်ဖြစ် ကျွန်မတို့ကိုယ်စားလှယ်တွေက တစ်ယောက်မကျန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခံရတာဖြစ်ပါတယ်။ ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး ရွေးချယ်လိုက်တာပါ။ ဒီဟာကို တချို့က ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ခံရတယ်လို့ ထင်မြင်သူတွေလည်း ရှိပါတယ်။ ဒါကေတာ့ ကျွန်မ ရဲရဲကြီး ပြောနိုင်ပါတယ်။ ဘယ်ကိုယ်စားလှယ်မှ ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ခံရတာ မဟုတ်ပါဘူး။ ပါတီရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးချယ်ခံရတာပါ" လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီလိုပြောတာ စိတ်အားငယ်စေချင်လို့ ပြောတာမဟုတ်ဘဲ စိတ်အားတက်စေချင်လို့ ပြောတာဖြစ်ပြီး အစဉ်အလာရှိတဲ့ နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြုလို့ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ထောက်ခံလိုက်တယ်ဆိုတဲ့ အသိရှိဖို့ လိုတယ်လို့ အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၈ရက်က စပြီး NLD ပါတီရဲ့ အောင်နိုင်ရေးကို လုပ်ဆောင်မယ့် ကိုယ်စားလှယ်တွေ ၊ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရဲ့ တည်ဆဲဥပဒေတွေ ၊ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အလွန်အရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကိုတော့ ဒီနေ့ (သြဂုတ်လ ၂၃ရက် ) မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ ၂ (MICC -2) မွာ ကျင်းပခဲ့တာ ဖြစ်ပြီး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။

Share

Loading Next Article...
က္က