ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်းကျပ်နဲ့တတိယဆု ၃ သိန်းကျပ်သတ်မှတ်ထားသလို အထူးနှစ်သိမ့်ဆု ၂၀ ဆုလည်းပါဝင်မှာဖြစ်ပါတယ်။
Minn Nandar

NLD ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ရည်ညွှန်းတဲ့ NLD ပါတီအမှတ်တံဆိပ်ပါကားစတစ်ကာအလှဆင်ပြိုင်ပွဲကြီးကို မန္တလေးမြို့မှာတော့ လာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာကျင်းပသွားမှာဖြစ်တယ်လို့ ဒီပွဲစီစဉ်တဲ့ We Love Mandalay အဖွဲ့ဆီကနေသိရပါတယ်။

မန္တလေးကျောက်ဝိုင်းက NLD ပါတီအားပေးထောက်ခံကြတဲ့ ကျောက်စိမ်းညီအစ်ကိုတွေပူးပေါင်းမှုနဲ့ ကျင်းပသွားမှာပဲဖြစ်ပြီး အဓိကကတော့ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ပဲဖြစ်တယ်လို့ We Love Mandalay အဖွဲ့မှဦးကျော်ဇောအောင်ကပြောပါတယ်။ "ကျောက်ဝိုင်းကကျောက်စိမ်းညီအစ်ကိုတွေစုပေါင်းပြီးလုပ်ကြတာပါ၊ အန်အယ်လ်ဒီကိုချစ်ကြတဲ့ကျွန်တော်တို့ကျောက်စိမ်းညီအစ်ကိုတွေက အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာအောင်နိုင်ရေးအတွက်ရည်ရွယ်လုပ်ကြတာပါ၊ တိုင်းဒေသကြီးအစိုးရဆီတင်ပြပြီးလုပ်ကြတာပါ" လို့၎င်းကပြောပါတယ်။

ပြိုင်ပွဲကို မန္တလေးခရိုင်အတွင်းကဘယ်လိုအိမ်စီးကားတွေမဆိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပြီး စည်းကမ်းသတ်မှတ်ချက်တွေအနေနဲ့ကတော့ ကညန ယာဉ်လိုင်စင်နဲ့ယာဉ်မောင်းလိုင်စင်ရှိထားတဲ့ ဘယ်ဒေသမှတ်ပုံတင်ယာဉ်မဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ ယှဉ်ပြိုင်မယ့်ကားတွေမှာ NLD ပါတီအမှတ်တံဆိပ်စတစ်ကာတွေအလှဆင်ထားသလို ယာဉ်မောင်းသူနဲ့ယာဉ်ပေါ်လိုက်ပါခွင့်ပြုထားသူတစ်ဦးတို့ကိုယ်တိုင်လည်း NLD ပါတီ အောင်နိုင်ရေးတံဆိပ်အမှတ်အသားပါ ဝတ်စုံတွေဝတ်ထားရမှာဖြစ်ကြောင်း၊ အထူးသဖြင့်ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလမို့လို့ ပြိုင်ပွဲကျင်းပတဲ့နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Covid-19 ကာကွယ် ထိန်းချုပ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို မဖြစ်မနေလိုက်နာကြဖို့လိုကြောင်း ပွဲစီစဉ်သူတွေက အသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတွေကို မန္တလေးမဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း(အနောက်ပေါက်)နဲ့ လမ်း ၆၀ ကားရောင်းဝယ်ရေးစ ခန်းတို့မှာ စက်တင်ဘာလကုန်ပိုင်းအထိအခမဲ့ထုတ်ပေးနေပြီး ပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့မှာ မန္တလေးမြို့ ၂၆ ဘီလမ်း၊ ကျုံးတောင်ဘက်ခြမ်း မှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပြိုင်ပွဲမှာ ဆုကြေးငွေတွေလည်းချီးမြှင့်ပေးမှာဖြစ်ပြီး ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်းကျပ်နဲ့တတိယဆု ၃ သိန်းကျပ်သတ်မှတ်ထားသလို အထူးနှစ်သိမ့်ဆု ၂၀ ဆုလည်းပါဝင်မှာဖြစ်တယ်လို့ We Love Mandalay အဖွဲ့ကြေညာထားပါတယ်။


Author


က္က