ဝက်ဝံကို ဖမ်းဆီးရာမှာ ရန်ကုန်တိရိစ္ဆာန်ဝန်ထမ်းတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
Kyaw Ko Ko Sint

သန်လျင်က ရိုးမတောတွေနဲ့ ထိစပ်နေခြင်းမရှိတဲ့အတွက် ဝက်ဝံက တောထဲက မျက်စိလည်လာတာ မဖြစ်နိုင်ဘဲ ဥပဒေမဲ့ မွေးထားတဲ့ နေရာတစ်ခုကနေ လွတ်မြောက်လာတာ ဖြစ်နိုင်ကြောင်းဒေသခံတွေက သုံးသပ်ကြပါတယ်။ 

ဓာတ်ပုံ - Nay Lin Aung Facebook Page

သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်မှာ ဖမ်းဆီးရမိတဲ့ ဝက်ဝံတစ်‌ကောင်ဟာ တောထဲက မျက်စိလည်လာတာ မဖြစ်နိုင်ဘဲ ဥပဒေမဲ့ မွေးထားတဲ့ တစ်နေရာနေ လွတ်မြောက်လာတာသာ ဖြစ်နိုင်တဲ့အတွက် စုံစမ်းစစ်ဆေးပြီး အရေးယူနိုင်ရေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သန်လျင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က Duwun ကိုပြောပါတယ်။

“ဝက်ဝံဘယ်က ရောက်လာလဲ သုံးသပ်တာကတော့ ကျွန်တော်တို့မြို့နယ်က ပဲခူးရိုးမ၊ရခိုင်ရိုးမ တစ်ခုနဲ့မှ ထိစပ်နေခြင်းမရှိဘူးလေ။အဲ့ဒါကြောင့် ဒါက တောဖက်က ရောက်လာတာတော့ မဖြစ်နိုင်ဘူး။ခိုးပြီး ဥပဒေမဲ့ မွေးထားတဲ့နေရာကနေ လွတ်လာတာဖြစ်နိုင်တယ်လို့ ခန့်မှန်းတယ်။ကျွန်တော်တို့ဘက်မှာတော့ အဲ့လို တောရိုင်း တိရိစ္ဆာန်တွေကို အိမ်မွေးအဖြစ် မွေးထားတဲ့ နေရာတွေကိုတော့ မသိထားပါဘူး။သိလာရင်တော့ လက်ခံမှာ မဟုတ်ပါဘူး။ဒီလို အသက်အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်တွေဆိုတာ မွေးခွင့်မရှိပါဘူး။သတ်ဖြတ်ခွင့်လည်း မရှိဘူး။” လို့ ဦးနေလင်းအောင်က ပြောပါတယ်။

ဓာတ်ပုံ - Nay Lin Aung Facebook Page

ဝက်ဝံကို ပိုက်ကွန်နဲ့ ဝိုင်းဝန်းဖမ်းဆီးရာမှာ ရန်ကုန် တိရိစ္ဆာန်ရုံမှ ဝန်ထမ်းတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ တယ်လို့လည်း သိရပါတယ်။

“ပိုက်ကွန်နဲ့ဖမ်းပြီးတော့မှ ရန်ကုန် တိရိစ္ဆာန်ရုံက ဝန်ထမ်းတစ်ဦးက လုံးထွေးပြီးမှ မေ့ဆေးထိုး ခေါ်ဆောင်သွားတာပါ။ လုံးထွေးချိန်မှာ ကုတ်မိဟန်ရှိတယ်နဲ့တူတယ် ဘယ်ဖက်ဒူးအောက်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ အခုတော့ ဖမ်းဆီးရမိပြီး ဝက်ဝံကို လှော်ကားတိရိစ္ဆာန်ရုံမှာပဲ ထားရှိ စောင့်ရှောက်သွားမယ်လို့တော့ သိရပါတယ်။”လို့ ဦးနေလင်းအောင်က ဆက်လက်ပြောပါတယ်။

တောရိုင်းတိရိစ္ဆာန်ကို မွေးခွင့်မရှိတဲ့အတွက် ဒီဝက်ဝံ ဘယ်လိုလွတ်လာလဲဆိုတာ စုံစမ်းပြီး အရေးယူဆောင်ရွက် ဖို့ သက်ဆိုင်ရာကို ပြောထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က