နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီနေ့မနက် Live မှာ အပြောသွားတာပါ။
Ei Ei Myat

ထိုင်းကနေ မြန်မာအလုပ်သမားတွေ ၅ သောင်းကနေ ၇ သောင်းကြား ပြန်လာဖို့ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီနေ့မနက် Live မှာ ပြောသွားတာပါ။


ဧပြီလ(၃၀) ရက်နေ့ နောက်ပိုင်းမှာ ခန့်မှန်းခြေ ၅ သောင်းကနေ ၇ သောင်းအတွင်းရှိတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေဟာ မြန်မာနိုင်ငံကို ပြန်လာတော့မှာ ဖြစ်ပြီး ပြန်လာမယ့် မြန်မာနိုင်ငံသားတွေအတွက် နေရပ်တွေမှာ Quarantine ဝင်နိုင်ဖို့ ပြင်ဆင်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက်(၁၀) နာရီ Live မှာ ပြောသွားခဲ့တာပါ။

“ထိုင်းဘက်ကနေ အမေတို့အလုပ်သမားတွေ ပြန်လာမယ် မှန်းဆရတာကတော့ ငါးသောင်းနဲ့ ခုနှစ်သောင်းကြားမှာ ပြန်လာလိမ့်မယ်။တိတိကျကျတော့မသိဘူး။ ပြန်လာမယ့် အလုပ်သမားတွေက အင်မတန် များတဲ့အတွက် နယ်စပ်မှာ ရှိတဲ့ တိုင်း/ပြည်နယ်တွေမှာ ထားလို့ မရဘူး။ ကိုယ့်ရဲ့ နေရပ်ကို ပြန်ပို့မယ်။ အဲဒီမှာပဲ Quarantine ဝင်ရမယ်။ ရောဂါပေါ်ရင် အဲဒီမှာပဲ ကုရမယ်။ မန္တလေးက ပြန်လာတဲ့ ပြည်သူတွေဆို မန္တလေးကို ပြန်ရမယ်။ အဲ့လို လုပ်ရမှာ တစ်တိုင်းပြည်လုံးမှာ အလုပ်သမားတွေ ပြန်သွားမယ့် နေရာတွေ အားလုံးမှာ အဆင်သင့်ရှိနေရမယ်ဆိုတာ သဘောပေါက်ပါတယ်” လို့ COVID-19 အတည်ပြုလူနာများနဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ ပြေသွားခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ပရောက် လုပ်သားတွေ ဘယ်လောက်များများ ကိုယ့်နိုင်ငံရဲ့ ပြည်သူပြည်သားတွေကို ပြန်ပြီး လက်ခံသွားမှာပါလို့ ပြောထားပါသေးတယ်။ “ဘယ်လောက်ပဲ များများ ကိုယ့် ရဲ့ ပြည်သူ ပြည်သားတွေကို ပြန်ပြီး လက်ခံမှာပဲ။ လက်ခံတဲ့အခါမှာတော့ အကောင်းဆုံးတော့ ကျန်းမာရေး ပြုစုမှု ပေးချင်တယ်။ကျန်းမာရေး ပြုစုမှု မလိုပါစေနဲ့လို့တော့ ဆုတောင်းတာပေါ့။ ဒါပေမယ့် အမေအမြဲပြောသလိုပေါ့ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း မျှော်လင့်ထားရမယ်” လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


ဧပြီလ (၃၀)ရက်နေ့နောက်ပိုင်းမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြန်လည်လက်ခံသွားမယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း ဧပြီလ (၃၀)ရက်နေ့မှာ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ မေလ (၁)ရက်နေ့ကစလို့ ပြည်ပကပြန်လာသူတွေကို သေချာစိစစ်ပြီး လက်ခံသွားမှာဖြစ်သလို တစ်ရက်ကို လူဦးရေ (၂၀၀၀)နီးပါးလောက်ပဲ လက်ခံမယ်လို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်က Duwun ရဲ့ မေးမြန်းမှုမှာ ဖြေကြားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


က္က