နိုင်ငံခြားသားကိုတော့ ကျပ်သိန်း(၃၀၀၀)နဲ့အာမခံပေးထားပါတယ်။

မြန်မာနိုင်ငံသားနှစ်ဉ်ီးကတော့ ဒီကနေ့အထိ အာမခံလျှောက်ထားလာတာမရှိသေးဘူးလို့သိရပြီး လာမယ့်ရုံးချိန်းမှာအာမခံလျှောက်ထားမှာဖြစ်တယ်လို့ သူတို့(၂)ဦးရဲ့ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းကပြောပါတယ်။






ငါန်းဇွန်မြို့က ဆေးခြောက်စိုက်ခင်းစိုက်ပျိုးထားလို့ဆိုပြီး ဖမ်းဆီးတရားစွဲထားသူ ၃ ဦးထဲက အမေရိကန်နိုင်ငံသားကို မြင်းခြံခရိုင်တရားရုံးက ပြီးခဲ့တဲ့ရုံးချိန်းမှာပဲ ကျပ်သိန်း ၃၀၀၀ နဲ့အာမခံပေးခဲ့ပြီး ကျန်မြန်မာနိုင်ငံသားနှစ်ဦးကိုလည်း အာမခံလျှောက်ထားလာရင် ဥပဒေပါအကျိုးခံစားခွင့်အတိုင်း သက်ဆိုင်ရာကဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။



“ ဒီနေ့ရုံးချိန်းထိတော့ သူတို့နှစ်ဦးက အာမခံလျှောက်ထားတာမျိုးတော့မရှိသေးဘူး။ တကယ်လို့လျှောက်ထားလာမယ်ဆိုရင် သက်ဆိုင်ရာအမှုစစ်တရားသူကြီးက ဥပဒေနဲ့အညီ အမိန့်တစ်ရပ်ချမှတ်သွားမှာပါ” လို့ မြင်းခြံခရိုင်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက Duwun ကိုပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း ဆေးခြောက်စိုက်ခင်းစိုက်ပျိုးနေတယ်လို့ဆိုပြီး ပြီးခဲ့တဲ့ဧပြီလအတွင်းက လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံ့ခဲ့တာမှာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေက ဧပြီလ ၂၂ ရက်ကဝင်ရောက်စစ်ဆေးခဲ့တာပါ။ စစ်ဆေးမှုအရ စိုက်ပျိုးပင်တွေကို နမူနာယူဓာတ်ခွဲစမ်းသပ်ကြည့်တာမှာ ဆေးခြောက်(Cannabis) ဖြစ်ကြောင်း စစ်ဆေးတွေ့ရလို့ဆိုပြီး စိုက်ခင်းတာဝန်ခံမြန်မာနိုင်ငံသားနှစ်ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki(အသက် ၆၃ နှစ်)အပါအဝင် ကိုရှိန်းလတ်(အသက် ၃၇ နှစ်) နဲ့(မရွှန်းလဲ့မြတ်နိုး (အသက် ၂၃ နှစ်)တို့ကို စိုက်ခင်းတာဝန်ရှိသူတွေလို့ဆိုပြီး ဖမ်းဆီးတရားစွဲဆိုခဲ့ပြီးနောက် Mr. John Fredric Todoroki က ကျန်းမာရေးမကောင်းလို့အာမခံနဲ့တရားရင်ဆိုင်ဖို့လျှောက်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ရုံးချိန်းက ကျပ်သိန်းသုံးထောင်နဲ့အာမခံပေးခဲ့ပါတယ်။




 မြန်မာနိုင်ငံသားနှစ်ဉ်ီးကတော့ ဒီကနေ့အထိ အာမခံလျှောက်ထားလာတာမရှိသေးဘူးလို့သိရပြီး ၎င်းတို့ဘက်ကရှေ့နေဖြစ်တဲ့တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးကတော့ လာမယ့်ရုံးချိန်းမှာ အာမခံလျှောက်ထားဖို့ရှိတယ်လို့ ပြောပါတယ်။

“ ဒီအမှုက အခြားအမှုတွေလို မူးယစ်ဆေးဝါးတွေကိုသန်းနဲ့ချီမိတဲ့ ကိစ္စလည်းမဟုတ်ဘူး။ ထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်တယ်။ အထူးသဖြင့် ရွှန်းနဲ့မြတ်က ငယ်ပါသေးတယ်။ အသက်ကလည်းဘယ်လောက်မှမရှိသေးဘူး။ ကျန်းမာရေးကလည်းမကောင်းဘူး။ထောင်ဆိုတာက ဘယ်သူနဲ့မှ သင့်တော်တဲ့နေရာမဟုတ်တဲ့အတွက် အာမခံလျှောက်သွားမယ်” လို့ ရှေ့နေဦးသိန်းသန်းက Duwun ကိုပြောပါတယ်။

ဒီအမှုကို သြဂုတ်လ ၁၉ ရက်နေ့ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး အခုအထိ တင်ပြထားတဲ့တရားလိုပြသက်သေ (၂၉) ဦးထဲက (၈) ဦးစစ်ဆေးပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

Mr. John Fredric Todoroki နဲ့ မြန်မာနိုင်ငံသားနှစ်ဦးတို့ကို မူးယစ်ဆေးဝါနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(က)(ခ)/၁၉(က)/ ၂၀(က)(ခ)တို့နဲ့ ဖမ်းဆီးအမှုဖွင့်တရားစွဲဆိုထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က