ဆိုင်တွေမှာ မြန်မာဘီယာအရောင်းမြှင့်တင်တဲ့ ဝန်ထမ်းပါ။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာနေပြီး မြန်မာဘီယာမှာအလုပ်လုပ်တဲ့ အသက် ၂၂ အရွယ်အမျိုးသမီးတစ်ဦး ဖျားနာနေထိုင်မကောင်းဖြစ်လို့ ဓာတ်ခွဲနမူနာယူစစ်ဆေးကြည့်ရာမှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ သိရပါတယ်။

"သူက သမန်းကုန်း(ပြည်ကြီးတံခွန်မြို့နယ်)ဘက်ကပါ၊ Contact Person တော့မဟုတ်ဘူး၊ ကူးစက်ခံရတာဘယ်ကကူးစက်ခံရတာမှန်းမသိဘူး။ မြန်မာဘီယာကဝန်ထမ်းပါ၊ ဆိုင်တွေမှာ မြန်မာဘီယာကိုအရောင်းမြှင့်တင်ရတဲ့ဝန်ထမ်းပါ၊ ဆိုင်တွေပိတ်ရလို့အလုပ်နားတော့ အိမ်မှာပဲနေရင်းနဲ့အဖျား တက်လာတော့ ဆေးခန်းသွားပြတယ်၊ မသင်္ကာလို့စစ်ကြည့်တော့ပိုးတွေ့တာပါ" လို့ ပြည်ကြီးတံခွန်မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးက Duwun ကိုပြောပါတယ်။

အဲဒီအမျိုးသမီးက မန္တလေးမှာစားသောက်ဆိုင်တွေမှာ ဘီယာယီပိတ်လိုက်ရလို့ နယ်ပြန်ဖို့စီစဉ်နေတုန်းမှာပဲ လိုင်းကားတွေကလည်းပိတ်ထားရတာနဲ့တိုးပြီး အိမ်မပြန်ဖြစ်တော့တာမှာ ပြီးခဲ့တဲ့တစ်ရက်နှစ်ရက်ကတော့ ဖျားနာနေထိုင်မကောင်းဖြစ်ခဲ့ရာကနေ မနေ့ကဓာတ်ခွဲစစ်ဆေးမှုရလဒ်မှာ Positive အဖြေထွက်ခဲ့တာလို့သိရပါတယ်။



"အိမ်မှာနေပြီးတော့ သူက နယ်ပြန်မလို့ ကားဂိတ်တွေကပိတ်တော့မပြန်ဖြစ်ဘဲ ဒီမှာပဲနေနေရင်းနဲ့ နည်းနည်းဖျားလာတယ်၊ ဆေးသောက်လိုက်ဘာသောက်လိုက်ပေါ့၊ မနေ့ကတော့ အရမ်းဖျားလာတော့ ဆိုင်ကယ်ကယ်ရီခေါ်ပြီးတော့ မြရည်နန္ဒာဘေးနားက ဆေးခန်းမှာ သွားပြတယ်၊ ဆေးခန်းက ငါးမိနစ်လောက်တော့ကြည့်သေးတယ်၊ ကြည့်ပြီးတော့ အဲဒီကနေ သုံးဘီးထပ်ငှားပြီးတော့ ဆေးရုံကိုသွားတယ်၊ ဆေးရုံက သံသယလူနာလို့သတ်မှတ်လိုက်ပြီး အတွင်းလူနာအဖြစ်ထားပြီးတော့ ဆေးစစ်တဲ့အခါ ပိုးတွေ့တယ်။ သူနောက်ဆုံးသွားခဲ့တာက စပေ့ဘားလို့သိရတယ်၊ အဲဒါပြီးတော့ဘီယာဆိုင်တွေပိတ်တော့တာပဲလေ ပါဆယ်ပဲရတော့တယ်။အဲဒီချိန်ကစပြီး သူကအလုပ်မလုပ်တော့ဘူး အိမ်မှာပဲနေနေတော့တာ" လို့ ဦးကျော်စိုးသူက ပြောပါတယ်။

ယခုအခါမှာတော့ အဲဒီအမျိုးသမီးနေတဲ့အိမ်ကအိမ်သား ၇ ဦးနဲ့ သူ့ကိုဆေးခန်းလိုက်ပို့ပေးတဲ့ဆိုင်ကယ်မောင်းသူတစ်ဦး၊ စုစုပေါင်း ၈ ဦးကို ပြင်ဦးလွင် ဗဟိုဝန်ထမ်း တက္ကသိုလ်(ဇီးပင်ကြီးကွာရန်တင်းစင်တာ)ဆီ ပို့ဆောင်ထားပြီး အဲဒီအမျိုးသမီးကိုတော့ Positive လူနာတွေကိုသီးသန့်စောင့်ရှောက်ကုသပေးနေတဲ့ မန္တလေးမြို့ က ကုတင် ၃၀၀ ဆံ့ဆေးရုံဆီပို့ဆောင်ကုသမှုပေးထားတယ်လို့ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က