နေရာအခက်အခဲကြောင့် (၃၀)ဦးသာ ကွာရန်တင်းစင်တာကို ပို့ဆောင်နိုင်တာပါ။

လှိုင်မြို့နယ်အတွင်းက အနံ့ပျောက်နေသူ (၈၂)ဦးကို ဆေးရုံနေရာအခက်အခဲကြောင့် နေအိမ်တွေမှာပဲ အသွားအလာကန့်သတ်ထားရာက (၃၀)ဦးကိုတော့ ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ 

နေရာ အခက်အခဲတွေကြောင့်ပဲ (၃၀)ဦးကိုသာ ကွာရန်တင်းစင်တာကို ပို့ဆောင်နိုင်သေးတာဖြစ်ပြီး စက်တင်ဘာ (၂၄)ရက်နဲ့ (၂၅)ရက် နှစ်ရက်အတွင်းမှာ အဆိုပါ (၃၀)ဦးကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Duwun ကိုပြောပါတယ်။



“ အစောပိုင်းဆေးရုံနေရာ အခက်အခဲကြောင့် အနံ့ပျောက်သူ (၈၂)ဦးလုံးကို တစ်နေရာတည်းမှာ စုထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်ဆိုပြီး တိုင်းကျန်းမာရေးကိုတင်ပြပါတယ်။ လက်မခံဘူးပေါ့နော်။ဆေးရုံတွေကို ပို့ဖို့ပဲ ပြန်ညွှန်ကြားလာတယ်။ ဆေးရုံကြီးကြပ်မှုအောက်မှာရှိတဲ့ ကွာရန်တင်းစင်တာတွေကို ပို့ပေးဆိုလို့ ကျွန်တော်တို့ အင်းစိန်က ကွာရန်တင်းစင်တာကို ပို့ထားပါတယ် ။ကျန်တဲ့လူနာတွေကိုလည်း ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ပို့ဆောင်မှာပါ”လို့ ဦးအောင်ကျော်ကျော်ဦးကပြောပါတယ်။

ဆေးရုံမပို့ရသေးတဲ့ ကျန်ရှိတဲ့ အနံ့ပျောက်နေသူ (၅၂)ဦးထဲက အိမ်မှာနေရင်း အနံ့ပြန်ရလို့ ပြန်ကောင်းသွားတဲ့သူကလည်း (၂၀)ဦးရှိတယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ (၃၂)ဦးထဲကလည်း မိသားစုနည်းလို့ အိမ်မှာနေလို့အဆင်ပြေရင် ဆေးရုံ (သို့) ကွာရန်တင်းစင်တာ မပို့ဘဲ Home Quarantine ပဲဆက်လက်နေခိုင်းမယ်လို့ ဆိုပါတယ်။ လှိုင်က အနံ့ပျောက် လူနာ (၈၂)ဦးမှာ (၅၂)ဦးက လှိုင် Fever Clinicကို လာရောက်ပြတဲ့သူတွေထဲကဖြစ်ပြီး (၃၀)ဦးကတော့ အနံ့ပျောက်လို့ ကိုယ်တိုင်လာသတင်းပို့တဲ့သူတွေဖြစ်ပါတယ်။

လက်ရှိရန်ကုန်မှာက ကိုဗစ်ကူးစက်မှု ပျံ့နှံ့မှုကြောင့် လူနာအရေအတွက် အဆမတန်တိုးလျှက်ရှိနေတဲ့အတွက် ဆေးရုံနေရာအခက်အခဲတွေရှိလာကာနောက်ပိုင်းမှာတော့ ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေအနေနဲ့ Home Quarantineသာနေထိုင်နေကြရတာဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၂၆)ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးပိုးတွေ့လူနာ (၉၉၉၁)ဦးမှာ ရန်ကုန်က (၆၆၄၀)ဦးပါဝင်ပြီး မနေ့ညကထုတ်ပြန်တဲ့ ထပ်တိုးလူနာ (၈၈၀)ဦးရဲ့ နေရပ်တွေကိုတော့ မသိရှိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က