မြို့ရဲ့ အဓိက လမ်းမကြီးတချို့ကို ပိတ်ပင်မှုတွေလုပ်ဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စီစဉ်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Stay at Home ဆိုတာ Lockdown မဟုတ်လို့ သီးခြားတားမြစ်ပိတ်ပင်မှုတွေပြုလုပ်မှာမဟုတ်ဘူးလို့ မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်ဒေါက်တာဇော် မြင့်မောင်က ပြောပါတယ်။

" မထွက်ရဘူးမ၀င်ရဘူးမသွားရဘူး၊ စျေးလည်းမသွားရဘူးဆိုတာမဟုတ်ပါဘူး။ Stay at Home ဆိုတာ စျေးလည်းသွားလို့ရတယ် ဒါပေမယ့်သွားမယ်ဆိုရင် နှစ်ယောက်ပဲသွားလို့ရမယ်၊ ဒရိုင်ဘာနဲ့သွားမယ်ဆိုရင် ဒရိုင်ဘာတစ်ယောက်ပါရမယ်၊ လူတစ်ယောက်ပါရမယ်၊ အကယ်၍ဆေးရုံသွားချင်တယ်ဆိုလို့ရှိရင် တစ်ယောက်အဖော်ပါမယ်၊ လူနာရယ်အဖော်ရယ်ဒရိုင်ဘာရယ်ဆို သုံးယောက်သွားမယ်၊ ဒါမှမဟုတ် သိပ်အရေးတကြီးလိုအပ်လို့ရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ သက်ဆိုင်ရာတာ၀န်ရှိပုဂ္ဂိုလ်တွေဆီ ခွင့်ပြုမိန့်တောင်းပြီးသွားလို့ရပါတယ်" လို့ ၀န်ကြီးက ဆိုပါတယ်။



ပြည်ထောင်စုအစိုးရက မန္တလေး ၃ မြို့နယ်ကို Stay at Home စာရင်းထဲထည့်သွင်းကြေညာလိုက်ပြီးနောက် မန္တလေးမြို့နေ ပြည်သူတွေကြားမြင့်တက်လျက်ရှိတဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ကဒီကနေ့ ရှင်းပြပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

"Stay at Home ဆိုတာ ဘယ်လိုနေရမှာလဲ ဘယ်လိုထိုင်ရမှာလဲ လူတွေသိပ်မသိကြသေးဘူး၊ ဆိုပါစို့ ဒီတစ်မြို့နယ်ကနေ ပိတ်ထားတဲ့မြို့နယ်ကို သွားလို့ရလားလို့ မေးတာတွေရှိတယ်၊ ဆိုပါစို့ ကိုယ့်မိဘက ချမ်းအေးသာဇံရှိနေတယ် ကိုယ်သွားလည်ချင်တယ်သွားလို့ရပါ့မလားတဲ့၊ အဲဒါတွေကိုရှင်းအောင်လို့ Stay at Home ဆိုတဲ့အဓိပ္ပါယ်ကိုပြောတာပါ၊ Stay at Home မှာ ဖွင့်ရမယ့်ဆိုင်တွေလည်းရှိပါတယ်၊ ဘယ်လိုဆိုင်တွေဖွင့်ရလဲဆိုတာလည်း ရှင်းပြထားတာတွေရှိပါတယ်" လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

လက်ရှိမှာတော့ ဒီကနေ့မနက်ပိုင်းမှာပဲ မြို့ရဲ့အဓိကမိန်းလမ်းမကြီးတချို့ကို ပိတ်ပင်တားဆီးမှုတွေလုပ်ဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စီစဉ်နေကြတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီလိုကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ကြတာဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ထောက်ပြတာတွေလည်း ရှိနေပါတယ်။

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက မန္တလေးတိုင်းဒေသကြီးအတွင်းက မဟာအောင်မြေမြို့နယ် အမရပူရမြို့နယ်နဲ့ချမ်းအေးသာဇံမြို့နယ်တို့ကို စက်တင်ဘာလ ၂၆ ရက်နေ့မနက် ၈ နာရီကစလို့ Stay at Home စာရင်းထဲအကျုံး၀င်ကြောင်းထုတ်ပြန်ကြေညာလိုက်ပြီးနောက်ပိုင်း မန္တလေးမြို့နေပြည် သူတွေကြားထဲမှာ Stay at Home နဲ့ပတ်သက်တဲ့ဝေဖန်ပြောဆိုမှုတွေမြင့်တက်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က