ရုတ်တရက် အသက်ရှူကြပ်ပြီး ဆေးရုံကို ရောက်ရှိလာစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိလို့ Facility Quarantine ထားရှိပြီး ဓာတ်ခွဲစစ်ဆေးရာမှာလည်း Negative နှစ်ကြိမ်ပြတာကြောင့် နေအိမ်မှာ ကွာရန်တင်းဆက်နေသူတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

သေဆုံးသူဟာ အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပိုးတွေ့လူနာတစ်ဦးနဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့လို့ သူ့ကို Facility Quarantine ကွာရန်တင်းထားပြီး ဓာတ်ခွဲနှစ်ကြိမ်စစ်ဆေးရာ နှစ်ကြိမ်စလုံးပိုးမတွေ့ခဲ့တာကြောင့် ကွာရန်တင်း (၁၄) ရက် ပြည့်ပြီးနောက် နေအိမ်မှာ (၇) ရက် အသွားအလာဆက်လက်ကန့်သတ်ထားခဲ့တာပါ။



အဲဒီနောက် နေအိမ်မှာ အသွားအလာကန့်သတ်နေထိုင်စဉ် (၅) ရက်မြောက်နေ့မှာ ရုတ်တရက် အသက်ရှူကြပ်ပြီး ဆေးရုံကို ရောက်ရှိလာစဉ် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မျိုးစုကြည်က Duwun ကိုပြောပါတယ်။

“သေဆုံးပြီးတဲ့အချိန် သူ့ကို swab ယူလိုက်ရာမှာ Positive ဖြစ်နေတာပေ့ါ။ လူနာကို History ပြန်လိုက်တော့ တစ်ခြားရောဂါအခံမရှိဘူးလို့ိသိရပါတယ်။ နေပြည်တော်ထဲမှာ ကဒီလိုဖြစ်စဉ်က ပထမဆုံးပါ။ တစ်ဦးနဲ့ တစ်ဦး ရောဂါပျိုးချိန် မတူတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ သူ့ကို စစ်တဲ့အချိန်မှာတော့ ရောဂါပိုးမတွေ့ရဘဲ ရောဂါပျိုးချိန်ရောက်လာမှ ပိုးတွေ့တာလည်းဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်ကတော့ ရှားပါးပေမယ့် ဖြစ်နိုင်ခြေရှိပါတယ်"” လို့ ဒေါက်တာမျိုးစုကြည်က ဆိုပါတယ်။

သေဆုံးလူနာမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာကြောင့် သူနဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့တဲ့ မိသားစုတွေကို အသွားအလာကန့်သတ်သွားမယ်လို့လည်းသိရပါတယ်။လက်ရှိနေပြည်တော်မှာ စက်တင်ဘာ (၂၇) ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိရသူ ၁၂၀ ဦးရှိပြီး သေဆုံးသူ (၃) ဦးရှိတယ်လို့လည်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က