မေးခွန်းတူရာတွေကို စုပြီး မေးခွန်း ၅၀ ကနေ ၁၀၀ ကြားလောက်ကို ရက်အပိုင်းအခြားနဲ့ ပြန်လည် ဖြေကြားပေးသွားမှာပါ။
Mi Thawdar Aung

ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို မေးလိုတဲ့ မေးခွန်းတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သမားတော်ကြီးတွေက ဖြေကြားပေးသွားမယ့်အစီအစဉ်ကို မနက်ဖြန်မှာစတင်မှာဖြစ်ပြီး ဒီကနေ့ တစ်ရက်တည်းနဲ့ ကြိုတင်မေးခွန်းပေးပို့ထားသူ (၃၀၀) လောက်ရှိတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၈) ရက်က နိုင်ငံတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံစာတင်ပြသည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ “ ကျွန်မတို့ပြည်သူတွေ ဆေးမြီးတိုလေးတွေနဲ့ ကုတာတွေလုပ်မှာစိုးလို့ သမားတော်ကြီးတွေကို မေးခွန်းမေးနိုင်တဲ့ အစီအစဉ်လေးလုပ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီအစီအစဉ်က မနက်ဖြန်မှာ စတင်မယ်။ အစီအစဉ်မှာ သိချင်တဲ့ကိစ္စတွေကို မေးချင်တယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ဖေ့စ်ဘွတ်ခ်မှာ မေးဖို့ ဆိုတာ ပြောပြီးသားဖြစ်ပါတယ်။ ရောက်လာတဲ့မေးခွန်းတွေက ၃၀၀ လောက်ရှိပါတယ်။ သိချင်တဲ့မေးခွန်းတွေက အကြောင်းအရာထပ်နေရင်တော့ အားလုံးကို တစ်ခုချင်းမဖြေဘဲ ခြုံငုံပြီးတော့ ဖြေမှာပါ။ “ လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ လက်ရှိ ပြည်သူတွေ မေးမြန်းလာတဲ့ မေးခွန်း ၃၀၀ ခန့်မှာ မေးခွန်းတူရာတွေကို စုပြီး မေးခွန်း ၅၀ ကနေ ၁၀၀ ကြားလောက်ကို ညနေ ၇ နာရီ ၇ နာရီခွဲ အချိန် ထိသတ်မှတ်ပြီး ရက်အပိုင်းအခြားနဲ့ ပြန်လည် ဖြေကြားပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

" ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေက ပြည်သူတွေမေးထားတဲ့မေးခွန်းတွေ ဖြေပါမယ်။ တစ်ခြားပြည်သူတွေ သိချင်တာတွေကိုလည်း တစ်နေ့ ချင်း ဖြေပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီအစီအစဉ်ကို နားထောင်ပါ။ စိတ်ထဲမှာမရှင်းရင်လည်း ထပ်ပြီးမေးလို့ရပါတယ်။ မေးတဲ့အခါမှာ တိုတိုနဲ့ လိုရင်းမေးစေချင်ပါတယ်။ “ လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေ သိလိုတဲ့ အချက်တွေ၊ မေးခွန်းတွေကို ရုပ်မြင်သံကြားက တစ်ဆင့် ပြန်လည်ဖြေကြားပေးမှာဖြစ်တာကြောင့် မေးလိုတဲ့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာရဲ့ https://www.facebook.com/MinistryOfHealthAndSportsMyanmar/photos/a.281312618564717/3820286061334004/ ပို့စ်အောက်မှာ comment ရေးနိုင်သလို chat box နဲ့ covid19qa@mohs.gov.mm အီးမေး(လ်)လိပ်စာကိုလည်း ပေးပို့ မေးမြန်းနိုင်တယ်လို့ ကြေညာထားပါတယ်။ မေးခွန်းတွေကိုတော့ ဖြေကြားမယ့်နေ့ မတိုင်မီ အနည်းဆုံး(၁) ရက် ကြိုတင်ပြီး နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပြီး ဖြေကြားမယ့်အစီအစဉ်ကို အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမယ်လို့လည်း သိရပါတယ်။


Author


က္က