ပြည်သူတွေရဲ့ အဓိကတာဝန်က မိမိတို့ရဲ့ ကျန်းမာရေးကိုသာ အထူးဂရုစိုက်ဖို့ အတိုင်ပင်ခံကတိုက်တွန်းခဲ့ပါသေးတယ်။

ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် တစ်ကမ္ဘာလုံးမှာ တိုးတက်မှုနှုန်းတွေ ကျဆင်းနေပြီး နိုင်ငံတော်တော်တော်များများ အနုတ်လက္ခဏာပြကာ သုညအောက် ကျသွားပေမယ့် သုညအောက် မကျသေးတဲ့ နိုင်ငံအနည်းငယ်မှာ မြန်မာနိုင်ငံပါဝင်သေးတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၈) ရက်က နိုင်ငံတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံစာတင်ပြသည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ အာဆီယံနိုင်ငံတွင်းက သုညအောက် မကျသေးတဲ့နိုင်ငံ (၃) နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အခုချိန်ထိ ရှိနေဆဲဖြစ်ပြီး ဆက်ရှိမယ်လို့တော့ အာမ မခံနိုင်ကြောင်း၊ ကိုဗစ်ဒုတိယလှိုင်းအခြေအနေတွေကြောင့် ရုန်းကန်နေရတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။



“အာဆီယံနိုင်ငံတွင်းက သုညအောက် မကျသေးတဲ့ နိုင်ငံ (၃) ခုထဲမှာ မြန်မာနိုင်ငံက အခုချိန်ထိ ရှိနေဆဲဖြစ်တယ်။ ဒါပေမယ့် ဆက်ရှိမယ်လို့ အာမ မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဒုတိယလှိုင်းကြောင့် ရုန်းကန်နေရတယ်။ သို့သော်ငြားလည်း ကျွန်မတို့ ဆက်ပြီးထိန်းထားပါမယ်။ ထိန်းထားရုံတင်မက ပိုပြီး တိုးတက်အောင်လုပ်ပါမယ်။ ပြည်သူတွေအနေနဲ့ နောင်အနာဂတ်စီးပွားရေးအခြေအနေကို စဉ်းစားပြီးတော့ အစိုးရိမ်မလွန်စေချင်ပါဘူး။ “ လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။ နောင်လာမယ့် စီးပွားရေးအခက်အခဲတွေအတွက် နိုင်ငံတော်အစိုးရက ပြင်ဆင်ထားပြီးသားဖြစ်ပြီး အခြေအနေပြောင်းလဲလာတာနဲ့အမျှ ပြောင်းလဲမှုပေါ်မူတည်ကာ ဆက်လုပ်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေရဲ့ အဓိကတာဝန်က မိမိတို့ရဲ့ ကျန်းမာရေးကိုသာ အထူးဂရုစိုက်ဖို့ အတိုင်ပင်ခံကတိုက်တွန်းခဲ့ပါသေးတယ်။

“ ကိုယ့်မှာ ပိုးဝင်နေရင်လည်း စိတ်ဓာတ်ခွန်အား၊ နိုင်ငံတော်က ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအင်အားနဲ့ ကျော်လွှားပါ။ ကိုဗစ်ပိုးမဝင်သေးဘူးဆိုရင်လည်း ကိုယ်နဲ့ တစ်ခြားလူ မကူးစက်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါ။ကျန်တဲ့ကိစ္စတွေကို ကျွန်မတို့ နိုင်ငံတော်က တတ်နိုင်သမျှ တာဝန်ယူပါ့မယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က