လာမယ့်ရက်ပိုင်းအတွင်း လူနာ ၂၀၀ စထားမှာပါ။

ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲကမှ ရောဂါလက္ခဏာမပြသူတွေနဲ့ ရောဂါမပြင်းထန်တဲ့ လူနာတွေကို ထားရှိကုသနိုင်ဖို့ ဗိုလ်တထောင်မြို့နယ်မှာ ကိုဗစ်စင်တာတစ်ခု ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနဲ့ မဟာဗန္ဒုလ တံတားအဆင်းအနီး၊ဂန္ဓီဆေးရုံ အရှေ့ဘက်ရှိ အဆောက်အဦးတစ်ခုကို ကိုဗစ်ပိုးတွေ့လူနာတွေ ထားဖို့ ပြင်ဆင်နေတာဖြစ်ပြီး လူနာ ၅၀၀ လောက်အထိ ထားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေစိုးက Duwun ကို ပြောပါတယ်။



ဓာတ်ပုံ- May Soe's Facebook

“ အဆောင် A,B,C ဆိုပြီး သတ်မှတ်ထားတဲ့ နေရာမှာတော့ လူနာ ၂၀၀ လောက်အထိ စထားနိုင်တော့မယ်။ မနေ့က ဝန်ကြီးချုပ် လာသွားတဲ့အချိန်မှာ ဘေးဘက်မှာ နောက်ထပ် မြေကွက်လပ်တစ်ခုမှာလည်း ထပ်ဆောက်ဖို့မှာသွားတယ်။ လူနာ ၅၀၀ လောက်အထိ ထားနိုင်ဖို့ ဆောက်လုပ်သွားမှာပါ။ ဝန်ကြီးချုပ်က တော့ လာမယ့် ကြာသပတေး လောက် လူနာထည့်နိုင်အောင် လုပ်ဖို့ ပြောသွားတော့ အခု ဆက်တိုက်ပြင်ဆင်မှုတွေ လုပ်နေပါပြီ” လို့ ဒေါ်မေစိုးက ဆိုပါတယ်။

အဆိုပါ စင်တာမှာတော့ လူနာတွေအနေနဲ့ တစ်ခန်းချင်းမဟုတ်ဘဲ လေးယောက်ခန်း၊ခြောက်ယောက်ခန်းစသဖြင့် အခန်းကျယ် တစ်ခုစီမှာ လူနာ လေးငါးဦးခန့် ထားရှိသွားမယ်လို့လည်း သိရပါတယ်။

“ အဆောင်တွေက ပြီးနေပြီ။ကုတင်၊ အဲကွန်း တွေ တပ်စရာပဲလိုတော့တယ်။ သန့်စင်ခန်း၊ ရေချိုးခန်းတွေ ပြန်လုပ်နေတာလည်း ပြီးသလောက်ဖြစ်နေပါပြီ။ ဒီအဆောင်မှာက မိသားစုခန်းတွေ ဖြစ်ဖို့ များတယ်။လေးယောက်ခန်း၊ ခြောက်ယောက်ခန်းတို့ များပါတယ်။ အခန်းကတော့ ကျယ်ပါတယ်”လို့ ဒေါ်မေစိုးက ပြောပါတယ်။

လက်ရှိရန်ကုန်မှာ ပိုးတွေ့လူနာတွေထားဖို့ ဆေးရုံတွေမှာ နေရာမလုံလောက်တော့တဲ့အပြင် မိနစ်အနည်းငယ်အတွင်း ကိုဗစ်ရှိ၊မရှိ စမ်းသပ်စစ်ဆေးနိုင်တဲ့ Antigen Test Kit တွေနဲ့ ရန်ကုန်က ဆေးရုံ (၉) ခုမှာ ဒီကနေ့ စတင်စစ်ဆေးမှာဖြစ်ပြီး ပိုးတွေ့လူနာတွေက ဒီထက်ပို များပြားလာနိုင်မှာဖြစ်တာကြောင့်လည်းအခုလို နေရာတွေကို ထပ်မံတိုးချဲ့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ သာကေတမြို့နယ်က Fortune Plaza နဲ့ မရမ်းကုန်းမြို့နယ်က Yangon Convention စင်တာတို့မှာလည်း ကိုဗစ်လူနာ ၁၀၀၀ လောက်စီ ထားနိုင်ဖို့ တစ်ပတ်အတွင်း အပြီး ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က