စီးနင်းသူတွေအနေနဲ့ မဖြစ်မနေ Mask တပ်ထားဖို့ကိုတော့ တင်းကြပ်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့ပတ်ရထားစီးနင်းသွားလာသူတွေအနေနဲ့ QR pass လုပ်ထားဖို့မလိုအပ်ဘဲ ပုံမှန်တိုင်းသွားလာလို့ရတယ်လို့ သိရပါတယ်။

သွားလာရေးတွေနဲ့ ပတ်သက်ပြီး ရန်ကုန်ဘူတာရုံကြီးမှား ခရီးသည်တွေအနေနဲ့ QR pass လုပ်ထားဖို့ ညွှန်ကြားခြင်းမရှိတာကြောင့် ပုံမှန်အတိုင်း စီးနင်းသွားလာခွင့်ပြုထားတယ်လို့ မီးရထားသွားလာရေး လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က Duwun ကိုပြောပါတယ်။ “ကျွန်တော်တို့ဆီကိုတော့ ဘာမှညွှန်ကြားတာမရှိပါဘူး။ အဓိက ခရီးသည်တွေအနေနဲ့ ရထားစီးနင်းတဲ့အခါမှာ မဖြစ်မနေ mask တပ်ကြဖို့ကိုပဲ နှိုးဆော်တယ်”လို့ ဦးကျော်မျိုးလွင်က ပြောပါတယ်။



ရန်ကုန်တိုင်းအတွင်း stay at home သတ်မှတ်ထားတဲ့ကာလအတွင်း ပြည်သူတွေလိုက်နာမှု အားနည်းတဲ့အတွက် စက်တင်ဘာလ (၂၇)ရက်နေ့က စတင်ကာ စည်းကမ်းတွေကိုပိုပြီးတင်းကြပ်ခဲ့ပါတယ်။ စက်တင်ဘာလ (၂၇)ရက်ကစတင်ပြီး ခွင့်ပြုထားတဲ့မော်တော်ယာဉ်တွေနဲ့ လူတွေကိုသာ QR pass နဲ့ မြို့နယ်တစ်ခုနဲ့တစ်ခု ဖြတ်သန်းသွားလာခွင့်သာပြုထားပြီး တခြားယာဉ်တွေနဲ့ လူတွေကိုတော့ သွားလာခွင့်ပိတ်သိမ်းထားတာဖြစ်ပါတယ်။

QR Pass နဲ့ပတ်သက်လို့ YRTAနဲ့ မီးရထားကို သီးသန့်ညွှန်ကြားထားတာတွေမရှိတာကြောင့် YBS စီးနင်းသူနဲ့ ရထားစီးနင်းသူတွေကတော့ပုံမှန်တိုင်း သွားလာလို့ ရတယ်လို့သိရပါတယ်။ “ ကျွန်တော်တို့ကို ဘာမှညွှန်ကြားတာမရှိဘူး။ ညွှန်ကြားလာရင်တောင်လွယ်လည်းမလွယ်ဘူးဗျ။ ကားပေါ်မှာက ယာဉ်မောင်းတစ်ယောက်တည်းပါတာလေ။ ဒီယာဉ်မောင်းကလည်း ဘယ်လိုလုပ် ခရီးသည်အားလုံးကို စစ်နိုင်မှာလဲ။ ပုံမှန်ပါပဲ။ ညွှန်ကြားချက်မရှိတဲ့အတွက် YBSယာဉ်တွေကိုလည်း ပုံမှန်တိုင်းပြေးဆွဲနေသလို ခရီးသည်တွေလည်း ပုံမှန်တိုင်းစီးနင်းလို့ရပါတယ်”လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က Duwun ကိုပြောပါတယ်။

လက်ရှိကိုဗစ်ကာလအတွင်းမှာတော့ YBSနဲ့ ရထားစီးနင်းသူတွေအနေနဲ့ ပုံမှန်ထက် ကျဆင်းလျှက်ရှိပြီး သွားလာတဲ့ ခရီးသည်အပေါ်မူတည်ကာ ပြေးဆွဲဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။ ယခင်က မြို့ပတ်ရထားတွေကို နေ့စဉ်အတွဲ(၆)ဆိုင်းနဲ့ပြေးဆွဲကာ လက်ရှိမှာတော့ (၃)ဆိုင်းသာပြေးဆွဲပေးလျှက်ရှိနေပါတယ်။ YBS ယာဉ်တွေကတော့ ပုံမှန် အစီးရေ (၄၀၀၀)ကျော်ပြေးဆွဲပေးလျှက်ရှိရာ အခုဆိုရင်အစီးရေ (၁၉၀၀)ကျော်သာ ပြေးဆွဲဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က