အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့က လွိုင်ကော်တက္ကသိုလ်မှာ ကွာရန်တင်းဝင်နေသူ အမျိုးသားတစ်ဦး ထွက်ပြေးသွားတာကြောင့် ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမတစ်ဦးနဲ့ ရဲတပ်ဖွဲ့က လိုက်လံတားမြစ်ရာ ခိုက်ရန်ပြုခံခဲ့ရပြီး ကွာရန်တင်းစင်တာကနေ ထွက်ပြေးဖို့ ကြိုးစားသူကို အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၂၁) ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ လွိုင်ကော်တက္ကသိုလ်မှာ ကွာရန်တင်းဝင်နေတဲ့ အသက် (၃၄) နှစ်အရွယ်အမျိုးသားဟာ ထွက်ပြေးဖို့ ပြုလုပ်ရာ တာဝန်ကျ သူနာပြုဆရာမကြီးက တားမြစ်စဉ် ဆရာမကြီးရဲ့လက် လိမ်ချိုးခံလိုက်ရပြီး လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင် တွေလည်း ပြေးဝင်လာကာ ထွက်ပြေးသူအမျိုးသားကို ထိန်းသိမ်းလိုက်ရတယ်လို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက Duwun ကို ပြောပါတယ်။



“ သူ့ပုံစံကြည့်ရတာ အရက်ကြောင် ကြောင်နေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သိပ်မူမမှန်ဘူးပေါ့နော်။ သူ့အမေနဲ့ တူတူ ကွာရန်တင်းဝင်တော့ ကျွန်တော်တို့က သူ့အမေကို ထိန်းဖို့ မှာထားတယ်။ အဲဒီနေ့မှာ သူက ကျွန်တော် မနေနိုင်တော့ဘူးဆိုပြီးတော့ ပြေးဖို့ လုပ်တာ။ရဲတွေနဲ့လည်း သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်ကြတာပေါ့။ သူက အခြေအနေတော်တော်ဆိုးနေတော့ စခန်းကို လှမ်းအကြောင်းကြားလိုက်ရတာပါ” လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

ဓာတ်ပုံ-ကယားပြည်နယ်အစိုးရအဖွဲ့ရုံး (မြို့အဝင်အထွက်မှာ စစ်ဆေးမှုတွေ လုပ်နေစဉ်)

ထွက်ပြေးဖို့ ကြိုးစားသူ အမျိုးသားဟာ လားရှိုးမြို့ကနေ လွိုင်ကော်မြို့ထဲကိုပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး ပြန်လည်ဝင်ရောက်လာတုန်းကလည်း ကွာရန်တင်းစင်တာကို မလာဘဲ သူ့နေအိမ်ရှိရာ နွားလဝိုးရွာထဲ ဝင်ရောက်လာတာကြောင့် ကျေးရွာနေပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့် ကွာရန်တင်းစင်တာမှာ နေထိုင်ဖို့ သွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

လက်ရှိ အဆိုပါ အမျိုးသားကို ကွာရန်တင်းစင်တာက ထွက်ပြေးရန် ကြံစည်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆/၂၉ အရ လွိုင်ကော်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး စက်တင်ဘာ (၂၉) ရက်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ်(၁)နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၉ အရ အလုပ်နှင့် ထောင်ဒဏ်(၆)လ စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့်(၆)လ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က