စဉ့်ကိုင်မြို့နယ်က လျှပ်စစ်ရုံးကို တစ်ရက်ခြားရုံးတက်နေသူဖြစ်ပါတယ်။

မန္တလေးကနေ နေ့စဉ်ရုံးတက်တဲ့ စဉ့်ကိုင်မြို့နယ်က လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦး နေထိုင်မကောင်းဖြစ်လို့ိ့ ဆေးရုံတက်ပြသရာ ကိုဗစ်-၁၉ ပိုးစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

သူဟာ စဉ့်ကိုင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ စာရင်းကိုင်(၄) အဆင့်ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး သူနေထိုင်တဲ့ မန္တလေး အောင်မြေသာစံမြို့နယ်ကနေ နေ့စဉ် မော်တော်ဆိုင်ကယ်နဲ့ စဉ့်ကိုင်မြို့ကို ရုံးတက်ရုံးဆင်းနေသူလည်းဖြစ်ပါတယ်။



“ ကိုဗစ်ကာလဆိုတော့ ဝန်ထမ်းတွေက တစ်ရက်နားတစ်ရက်တက်နဲ့အလုပ်လုပ်ရတယ်ပေါ့ဗျာ။ စက်တင်ဘာ ၂၉ ရက်ကတော့ ဂျူတီချိန်မှာဖျားလို့ သူ့အထက်လူကြီးကိုခွင့်တိုင်ပြီး မန္တလေးကိုပြန်တာ။ မန္တလေးရောက်တော့ သူ့အသိစိတ်နဲ့သူ ဆေးရုံကြီးမှာသွားစစ်တယ်။ ဆေးရုံကြီးက Swab ယူစစ်ဆေးတော့ ပိုးတွေ့လို့ ဆေးရုံပြောင်းထားပြီးပါပြီ “ လို့ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးလှိုင်ဝင်း Duwun ကို ပြောပါတယ်။

လတ်တလောမှာ ပိုးတွေ့လူနာအမျိုးသမီးနဲ့ထိတွေ့သူ (၆) ဦးရှိထားတာကြောင့် သူတို့ကို စဉ့်ကိုင်မြို့နယ်ထဲက မူလတန်းကျောင်းတစ်ကျောင်းမှာယာယီဖွင့်လှစ်ထားတဲ့ Quarantine Center ဆီပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

“သူက ၂၉ ရက်နေ့ မနက်တစ်ပိုင်းလုံး စဉ့်ကိုင်မြို့နယ်လျှပ်စစ်ရုံးမှာတာဝန်ထမ်းခဲ့တာဆိုတော့ သူနဲ့နီးနီးကပ်ကပ်ရှိခဲ့တဲ့ဝန်ထမ်းတွေပေါ့ဗျာ။ လတ်တလောကတော့ ၆ ဦးပေါ့။ ဒါတွေကိုဦးစားပေးအနေနဲ့ Q ဝင်ခိုင်းထားပါတယ်၊ အခြားဝန်ထမ်း တွေကိုလည်း အိမ်မှာပဲနေဖို့ စီစဉ်ထားပါတယ်။” လို့လည်း ဆိုပါတယ်။

လက်ရှိမန္တလေးတိုင်းအတွင်းက ၂၈ မြို့နယ်မှာ ၂၃ မြို့နယ်အထိ ကိုဗစ်-၁၉အတည်ပြုလူနာတွေ တွေ့ရှိထားတာဖြစ်ပြီး လက်ရှိအချိန်အထိ လူနာပေါင်း (၂၉၀) အထိ ရှိနေပြီလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က