‌ရောဂါပျောက်ကင်းသွားသူတွေအနေနဲ့ သွေးရည်ကြည်လှူပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကိုဗစ်-၁၉ ရောဂါပြင်းထန် လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ ကုသမှုပေးနေရာ ပြင်းထန် လူနာ အယောက် ၄၀ ကျော်ထဲက ၃၂ ဦးမှာ ပြန်လည်သက်သာကောင်းမွန်လာတယ်လို့ သွေးရည်ကြည်ဖြင့် COVID-19 လူနာများအားကုသရေး အကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ရဲမြက ပြောပါတယ်။

ကိုဗစ် ပထမလှိုင်းတုန်းက သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့ တဲ့ ကိုဗစ်ပြင်းထန်လူနာ (၈) ဦး ပြန်လည်ကောင်းမွန်သွားခဲ့ပြီး အခု ဒုတိယလှိုင်းမှာတော့ ရောဂါပြင်းထန်တဲ့လူနာတွေလည်းများလာသလို သွေးရည်ကုထုံးနဲ့ ကုသပေးခဲ့လို့ ပြန်လည်ကောင်းမွန်လာသူတွေလည်း များလာခဲ့တယ်လို့ ဒေါက်တာရဲမြက Duwun ကို ပြောပါတယ်။



“ လောလောဆယ်ကုနေတာ အယောက်လေးဆယ်ကျော်ပြီ။ သုံးဆယ်ကျော်ကတော့ ပြန်လည်သက်သာနေပြီ။ ဆေးရုံကတော့ မဆင်းရသေးဘူး။ မမှီလိုက်တာက ၅ ယောက်လောက်ရှိတယ်။ အခက်အခဲက ဘာလဲဆိုတော့ ရောဂါပြင်းထန်တဲ့လူနာတစ်ချို့က ဆေးရုံကို သိပ်နောက်ကျပြီးမှ ရောက်လာတယ်။ သူတို့ရောက်လာတဲ့အချိန်မှာ ရောဂါအဆင့်သိပ်မြင့်ပြီးနေပြီ။ ဒီရောဂါရဲ့ သဘော သဘာဝက အရမ်းကိုမြန်တယ်။ မနက်က အကောင်းဖြစ်ပြီး ညနေကျရင် အမောဖောက်ပြီး သေနိုင်တယ်။ ကျွန်တော်တို့ကတော့ ကြိုးစားကုပေးပါတယ်။ ဒါပေမယ့် ရောဂါသိပ်ကို ပြင်းထန်တဲ့အခါမှာ မမှီလိုက်တာမျိုးရှိတယ်” လို့ ဒေါက်တာရဲမြက ဆိုပါတယ်။

လက်ရှိမှာ ဝေဘာဂီဆေးရုံနဲ့ တောင်ဥက္ကလာပဆေးရုံတို့မှာ ကိုဗစ်-၁၉ ရောဂါအပြင်းထန်ဆုံးလူနာတွေကို ထားရှိတာကြောင့် သွေးရည်ကြည်ကုထုံးနည်းကိုလည်း အဆိုပါ ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ ရောဂါအပြင်းထန်ဆုံးလူနာတွေကို အဓိကထားကုသပေးနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

သွေးရည်ကြည်ကုထုံးနည်းကို တော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ပျောက်ကင်းသွားသူတွေရဲ့ သွေးနဲ့ ပြန်လည်ကုသပေးနေတာဖြစ်ပြီး ရောဂါ ပြန်လည်ပျောက်ကင်းသွားသူတွေအနေနဲ့ သွေးရည်ကြည်ကို ပြန်လည်လှူဒါန်းပေးဖို့ ဒေါက်တာရဲမြက တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ ဧပရယ်၊မေနဲ့ ဇွန်လတုန်းက ရောဂါဖြစ်ပြီး ပြန်ပျောက်သွားတဲ့သူတွေကို ကျွန်တော်တို့ ဆက်သွယ်ပြီး အလှူခံပါတယ်။ သုံးလေးယောက်တစ်သုတ် လာလှူကြပါတယ်။ လောလောဆယ် လိုအပ်သလောက်က ရှာပေးလို့ရတယ်။ ဒါပေမယ့် ရှားပါးတဲ့ သွေးအုပ်စုတွေကျတော့ ရှာဖို့ အခက်အခဲရှိပါတယ်။ ပြန်ပျောက်သွားတဲ့သူတွေအနေနဲ့လည်း လှူကြဖို့ မေတ္တာရပ်ခံပါတယ်” လု့ိ ဒေါက်တာရဲမြက ဆိုပါတယ်။

သွေးရည်ကြည်ကုထုံးကိုတော့ အဓိက ရောဂါပြင်းထန်လူနာတွေကိုသာ ကုသပေးနေတာဖြစ်ပြီး ရောဂါဖြစ်ပွားသူတွေထဲမှာ ၈၀ ရာခိုင်နှုန်းလောက်က ကုထုံးမလိုဘဲ ပြန်လည်သက်သာသွားတာဖြစ်လို့ အမှန်တကယ်လိုအပ်တဲ့လူနာမှသာ ကုသပေးရတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က