ဆေးမြီးတိုတွေနဲ့ ကုသတာတွေ မလုပ်ဖို့ကိုလည်း အတိုင်ပင်ခံက တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

ပိုးရှိ/မရှိ မြန်မြန်ဆန်ဆန်သိရတဲ့ Test Kit တွေကြောင့် ရောဂါတွေ့ရှိမှုနှုန်း ပိုများလာတာဖြစ်ပြီး အခုပထမပိုင်းမှာ များလာတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ကျသွားမယ်လို့ မျှော်လင့်ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂) ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေတွေနဲ့စပ်လျဉ်းပြီး ပြည်သူ့သို့ အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်း ၁၄,၃၀၀ ကျော်သွားပြီဖြစ်သလို သေဆုံးမှုက ၃၀၀ ကျော်သွားပြီဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်သိရတဲ့ Test Kit တွေကြောင့် တွေ့ရှိမှုက ပိုများလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။



“တွေ့ရှိမှုက ပထမပိုင်း ပိုများလာမယ်။ နောက်ပိုင်းမှာတော့ ကျသွားမယ်လို့ မျှော်လင့်ပါတယ်။ ပထမပိုင်းမှာ ပိုများလာလို့လည်းသိပ်ပြီးတော့ စိုးရိမ်ကြောင့်ကြမှုတွေ မဖြစ်ပါနဲ့။ အရေးကြီးတာက စောစောစီးစီးသိရလို့ စောစောစီးစီး ကုနိုင်တာဟာ ကိုယ့်အတွက် ပိုပြီးကောင်းမယ်ဆိုတာကို ပြည်သူတွေသိဖို့ပဲဖြစ်ပါတယ်” လို့ အတိုင်ပင်ခံက ဆိုပါတယ်။။

အခုဆိုရင် ကိုရီးယားက Test Kit တွေကို နိုင်ငံတော် အစီအစဉ်နဲ့ ဝယ်ယူတာ လေးသိန်းကျော်နေပြီဖြစ်ပြီးတောင်ကိုရီးယားအစိုးရကလည်း လှူဒါန်းတာတွေ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ Test Kit တွေနဲ့ စက်တင်ဘာ (၂၉) ရက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စတင်စမ်းသပ်စစ်ဆေးနေပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဖြန့်ပြီး စစ်ဆေးနိုင်ဖို့ စီစဉ်မယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။ 

ဒါကြောင့် မြန်မြန်ဆန်ဆန်သိလို့ ပထမပိုင်းမှာ ပိုပြီး များမယ်လို့ ထင်မြင်ရပေမယ့် ပိုပြီးထိရောက်တဲ့ကုသမှုတွေပေးနိုင်မယ်ဆိုတာကို ပြည်သူတွေ နားလည်စေချင်ပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။ဆေးရုံတွေမှာလည်းကုသမှုတွေ ပြည့်ပြည့်၀၀ပေးနိုင်ဖို့ ပစ္စည်းတွေ၊ဆေးတွေ လုံလောက်အောင်လုပ်ထားပြီး ဆေးရုံလို အသုံးပြုနိုင်တဲ့ နေရာသစ်တွေလည်း လုပ်ဆောင်နေသလို ဆေးရုံအတွင်းမှာ အထူးအာရုံစိုက်ကုသပေးနိုင်မယ့် ဌာနေတွေကို ချဲ့ထွင်ပြီးလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်မှာ ရောဂါလက္ခဏာရှိတာနဲ့ မြန်မြန်သွားရောက်စစ်ဆေးခံပြီး ကုသမှုခံယူဖို့ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်လွှင့်တဲ့ သမားတော်ကြီးများနဲ့ အမေးဖြေအစီအစဉ်တွေကို နားထောင်ဖို့၊ ဆေးမြီးတိုတွေနဲ့ ကုသတာတွေ မလုပ်ဖို့ကိုလည်း အတိုင်ပင်ခံက တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က