ကျန်းမာရေးစစ်ဆေးချက်မပါပါက ကွာရန်တင်းဝင်ရောက်ရမှာပါ။

နေပြည်တော်ကို ဝင်ရောက်မယ့် ကုန်တင်ယာဉ်တွေအနေနဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦးတို့မှာ ကိုဗစ် ရောဂါစစ်ဆေးချက် Negativeအဖြေထွက်ကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မနေ့ကစပြီး နေပြည်တော် အဝင်ဂိတ်တွေမှာ စစ်ဆေးခဲ့ရာမှာ ယာဉ်အစီးရေ(၃၀၀)ကျော်ပိတ်မိနေခဲ့တာကြောင့် ယာဉ်ကြောအမြန်ပွင့်အောင် လူ(၆၇၀)ကျော်ကိုတော့ ကိုဗစ်ပိုးရှိ မရှိ အမြန်သိနိုင်မယ့် Test Kit တွေနဲ့ စစ်ဆေးပေးခဲ့တယ်လို့သိရပါတယ်။ (၆၇၀)ကျော်ကို စစ်ဆေးခဲ့ရာမှာတော့ (၇)ဦးမှာ ပိုးတွေ့ရှိခဲ့တယ်လို့ နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။



“ဟုတ်ပါတယ်။ ကုန်တင်ယာဉ်တွေကိုလည်း စတင်စစ်ဆေးနေပါပြီ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအနေနဲ့ ကျန်းမာရေးထောက်ခံချက်ပါမှ ဝင်ခွင့်ပေးမယ်။ မပါရင် ကွာရန်တင်းဝင်ရမယ်။ မနေ့ကတော့ စစစ်တာဆိုတော့ ကားတွေပိတ်သွားလို့ အဖြေအမြန်သိအောင် Test Kit တွေနဲ့ စစ်တော့ (၇)ဦးမှာပိုးတွေ့တယ်။ ဒီနေ့တော့ယာဉ်ကြောလည်းရှင်းပြီးဆိုတော့ Test Kit တွေနဲ့ မစစ်ပေးတော့ဘူး။ပုံမှန်တိုင်းပဲစစ်ဆေးမှုတွေလုပ်သွားမယ်။ ထောက်ခံချက်မပါရင် ကွာရန်တင်းဝင်ရမယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။

နေပြည်တော်ဝင်ရောက်မယ့် ကုန်တင်ယာဉ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအနေနဲ့ ကျန်းမာရေးထောက်ခံစာမပါရှိပါက (၃)ရက်ကွာရန်တင်းဝင်ရောက်ရမှာဖြစ်ပါတယ်။ (၃)ရက်အတွင်း swabယူ ဓာတ်ခွဲစစ်ဆေးပြီး negativeအဖြေထွက်မှ ဆက်လက်သွားခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ယခင်က နေပြည်တော်အဝင်အနေနဲ့ အိမ်စီးယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကိုသာ စစ်ဆေးမှုတွေလုပ်ခဲ့တာပါ။

ယခုနောက်ပိုင်း ကုန်တင်ယာဉ်မောင်နဲ့ စပါယ်ယာတွေမှာလည်း ရောဂါပိုးတွေ့ရှိလာတာကြောင့် မနေ့ကစပြီး ကုန်တင်ယာဉ်တွေကိုပါ စစ်ဆေးမှုတွေလုပ်ခဲ့တာပါ။ ကုန်တင်ယာဉ်တွေကိုတော့ နေပြည်တော် အဝင်ဂိတ်တွေဖြစ်တဲ့ ရမည်းသင်း၊တပ်ကုန်းနဲ့ သာဝတ္ထိဂိတ်တွေမှာ မနေ့ကစလို့ စစ်ဆေးမှုတွေလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က