ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်(၅)ဦးမှာပိုးတွေ့ခဲ့ရတာပါ။

ရန်ကုန်ကနေ တိုင်းနဲ့ပြည်နယ်တွေကို ကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဉ်တွေကို ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးမှုတွေကို အောက်တိုဘာ (၄) ရက်က စတင်ပြုလုပ်ခဲ့ရာ တစ်ရက်အတွင်း ကုန်တင်ယာဉ်မောင်း (၅) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ကုန်စည်ဖြတ်ကျော်ပို့ဆောင်ရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအရ ကုန်တင်ယာဉ်၊ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းတွေကို အောက်တိုဘာ (၄) ရက်ကစတင်ပြီး ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမှာပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။



ဓာတ်ပုံ- Zwe Yan Naing Fb (ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ (MCC) ခန်းမမှာစစ်ဆေးပေးနေစဉ်)

ဖြတ်သန်းသွားလာကြမယ့် ကုန်တင်ယာဉ်တွေကို အောက်တိုဘာ (၄) ရက်က မနက် (၉) နာရီက ညနေ (၄) နာရီအထိ ကိုဗစ်-၁၉ ပိုးရှိ/မရှိ အမြန်သိနိုင်တဲ့ Test Kitတွေနဲ့ စစ်ဆေးပေးခဲ့တာဖြစ်ပြီး တစ်ရက်တည်း လူ (၂၀၀) ကျော်ကို စစ်ဆေးရာ (၅) ဦးမှာ ပိုးတွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ ရွှေရောင်သမိုင်း ပရိဟတအဖွဲ့မှ ကိုဇွဲရန်နိုင်က Duwun ကို ပြောပါတယ်။

“ ဒီနေ့ ၂၀၀ ကျော်စစ်တာ (၅) ယောက်တွေ့ပါတယ်။ ကျွန်တော်တု့ိက ပိုးတွေ့တဲ့သူတွေကို ကိုဗစ်ကုသရေးစင်တာတွေကို တစ်ခါတည်းပို့ဆောင်ပေးတာပါ။ နောက် ရက်တွေမှာလည်း ထပ်စစ်ဦးမယ်လို့လည်း သိရပါတယ်” လို့ ကိုဇွဲရန်နိုင်က ဆိုပါတယ်။ အဆိုပါ ပိုးတွေ့သူ အမျိုးသား (၅)ဦးကိုတော့ ကိုဗစ်-၁၉ ကုသရေးစင်တာတစ်ခုဖြစ်တဲ့ ရိုးမရိပ်သာ ကို ပို့ဆောင်လိုက်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဒီကနေ့ အောက်တိုဘာ (၅) ရက်နဲ့ (၆) ရက်တွေမှာလည်း ထပ်မံစစ်ဆေးပေးသွားမယ်လို့လည်းသိရပါတယ်။ ကုန်စည်စီးဆင်းမှုမပြတ်စေရေးအတွက် ရန်ကုန်တိုင်းအပါအဝင် အခြားတိုင်းနဲ့ ပြည်နယ် အသီးသီးမှာလည်း မြို့အဝင်ဂိတ်တွေမှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ပိုးရှိ/မရှိ အမြန်စစ်ဆေးပေးနိုင်တဲ့ Test Kit တွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က